စားအုန်းဆီအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၄၁၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားအုန်းဆီအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၄၁၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်  သြဂုတ်  ၆

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ အနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB  ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ  ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်း ဈေးနှုန်းကို  ထုတ်ပြန်ပေးလျက် ရှိပါသည်။

ယခုတစ်ပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ  ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများ အရ ၂၀၂၃ ခုနှစ် သြဂုတ် ၇ ရက်မှ  ၁၃ ရက်အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ်  ၄၁၅၀  ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ထို့ပြင်  ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး  ထုတ်ပြန်ထားသည်။

အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook  Page  နှင့်  မြန်မာနိုင်ငံ  ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏  Facebook Page တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။