၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် သြဂုတ် ၉
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းကျန်းမာ ရေးလုပ်ငန်းစံပြဆုရ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ KOFIH စသည့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဘက်စုံဖွံ့ဖြိုး တိုးတက်သော ပညာရေးစနစ်အတွက် ကျောင်းသားများ၏ ကျန်းမာကြံ့ခိုင်ရေးသည် အခြေခံအုတ်မြစ်ဖြစ်ပြီး ကျောင်းသားများ၏ ပညာရေး အဆင့်အတန်းတိုးတက်မှုသည် ၎င်းင်းတို့၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မှုပေါ်တွင် များစွာမူတည်နေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်ရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်းနေမြဲစေရေးဆောင် ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရန်နှင့် အာဟာရပြည့်ဝရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရန်တို့သည် အလေးထားဆောင်ရွက်ရမည့်ကဏ္ဍ ဖြစ်ကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်း နေအရွယ်ကလေးများ၏ ကျန်းမာရေးနှင့် အာဟာရပြည့်ဝမှု တိုးတက်စေရန်ရည်ရွယ်၍ ကျောင်းအခြေပြု အစီအစဉ်များဖြင့် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ တည်ထောင်ရေး လုပ်ငန်းစဉ်များကိုအလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေး ဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများကို နိုင်ငံတစ်ဝန်းတွင် ထူထောင်လျက်ရှိပြီး အရေးပါသည့် ကျောင်းတွင်းအာဟာရဖွံ့ဖြိုး ရေးလုပ်ငန်းများ ကိုလည်း ပညာရေးဝန်ကြီး ဌာနအပါအဝင် နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာန များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်း စဉ်များတွင် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုများနှင့် လိုအပ်သည့် ဆေးနှင့်ပစ္စည်းများ၊ ပညာပေးအထောက်အကူပစ္စည်းများ ကျောင်းပတ်ဝန်းကျင်ကောင်းဖြစ်စေရန် လိုအပ်သည့် နည်းပညာများပံ့ပိုးမှုပေးခြင်း၊ ကျောင်း အခြေပြု သန်ချဆေးတိုက်ကျွေးခြင်းနှင့် အစာအုပ်စုများ စုံလင်စွာစားသုံးရေး အသိပညာပေးခြင်း၊ အလယ်တန်းနှင့် အထက် တန်းကျောင်းသူများကို သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအပါအဝင် ကျောင်းအခြေပြုကာကွယ် ဆေးများထိုးနှံခြင်း၊ ခြင်ကျားပိုးလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်ခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကင်းစင်ကျောင်းများ ထူထောင်ခြင်း တို့အတွက် ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းကျန်းမာရေး သီချင်းဖြင့် သရုပ်ဖော် တင်ဆက်ဖျော်ဖြေကြပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများအား အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်သော တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကို ဆုချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အစီအစဉ်ဒုတိယပိုင်းကို ပြည် ထောင်စုနယ်မြေနေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စု ဝန်ကြီးများနှင့်အဖွဲ့ကို ကဗျာလွတ်အကဖြင့် ကြိုဆိုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ကျောင်းစာသင်ခန်းပြင်ပတွင် ကျောင်းသား၊ ကျောင်းသူများက ကိုယ်ခန္ဓာ ကြံ့ခိုင်စေရေးအားကစားလှုပ်ရှား ဆောင်ရွက်မှုများကို အားပေးကြည့်ရှုပြီး ကျောင်းခန်းမအတွင်း ကျောင်းသား၊ ကျောင်းသူများက စနစ်တကျလက်ဆေးနည်းနှင့် စနစ်မှန်သွား တိုက်နည်းကို သရုပ်ပြရှင်းလင်းခြင်း၊ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သရုပ်ပြရှင်းလင်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများ က အာဟာရမျှတစေရန် စားသုံးရမည့်အစာအုပ်စု(၃)ခုကို ခင်းကျင်းပြသ၍ အစားအစာ များတွင် ပါဝင်သည့်ပစ္စည်းများ၏ကျန်းမာရေး အရအကျိုးရှိပုံကို မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည် ထောင်စုဝန်ကြီး များနှင့်အဖွဲ့က မေးမြန်း ဆွေးနွေးကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ များက ဘဝတွက်တာကျောင်းကျန်းမာသရုပ်ပြကဗျာအပါအဝင် ကျန်းမာရေးသရုပ်ပြကဗျာ များဖြင့်ဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့က အားပေးကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေး၊ သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းနှင့် နို့၊ ကြက်ဥပြုတ်နှင့် ငှက်ပျောသီး အာဟာရ များ ပေးဝေကာ ကျောင်းသား၊ ကျောင်းသူ များကို သွားနှင့်ခံတွင်း ကျန်းမာရေးဌာနခွဲမှ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်ကြီးများက သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်ပေးမှုများနှင့် မျက်စိအထူးကု ဆရာဝန်ကြီးများက မျက်စိကျန်းမာရေးစစ်ဆေးပေးပြီး မျက်မှန်များ ထောက်ပံ့ပေးနေခြင်းကို အားပေးကြည့်ရှု ကြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဂီတသံစုံတီးဝိုင်းဖြင့် လေ့ကျင့်နေမှုနှင့် ယခုနှစ်ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်း အမှတ်ဆောင်ပုဒ်ဖြစ်သည့် ကျန်းမာပျော်ရွှင် ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ် အတွက်ခေါင်းစဉ်ဖြင့်ကျင်းပလျက်ရှိသည့် စာစီစာကုံးပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ် အခမ်းအနားများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။