မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ဇူလိုင်လတစ်လတာ ကာလအတွင်း ငါးရှဉ့်ပိဿာချိန် ၁၃၅၅၀၀ အထိ တင်ပို့ရောင်းချ

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ဇူလိုင်လတစ်လတာ ကာလအတွင်း ငါးရှဉ့်ပိဿာချိန် ၁၃၅၅၀၀ အထိ တင်ပို့ရောင်းချ

    ဧရာဝတီတိုင်းဒေသကြီး   မော်လမြိုင် ကျွန်းမြို့နယ်မှ  ရန်ကုန်မြို့သို့  ဇူလိုင်လတစ်လတာ ကာလအတွင်း ငါးရှဉ့်ပိဿာချိန် ၁၃၅၅၀၀ အထိ တင်ပို့ရောင်းချခဲ့ရကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ   ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ  ဒေါ်အိအိထွေး၏ ပြောကြားချက်အရ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ဇွန်လတစ် လတာကာလအတွင်း   ငါးရှဉ့်ပိဿာချိန် ၉၅၅၀၀  အထိ တင်ပို့ရောင်းချခဲ့ပြီး  ဇူလိုင်  ၁ ရက်မှ ၃၁ ရက်အထိ ငါးရှဉ့်ပိဿာချိန် ၁၃၅၅၀၀ အထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါတင်ပို့ ရောင်းချနေသည့် ငါးရှဉ့်များကို ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့သဖြင့် ငါးရှဉ့်များ ဝယ်လို အားကောင်းခြင်း ဖြစ်ကြောင်း သိရသည်။

“ဇူလိုင်ပထမပတ်လောက်ကတည်းက   ငါးရှဉ့်ဝယ်လိုအား သိသိသာသာ ကောင်းလာပါတယ်။  လက်ရှိ  ပြည်ပကို  ငါးရှဉ့်တင်ပို့တဲ့လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာတာနဲ့  ပြည်ပက  ငါးရှဉ့်ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးကွက်အတွင်း ဝယ်လိုအားကောင်းလာတာပါ။ မော်လမြိုင်ကျွန်းမြို့နယ်က ရရှိတဲ့ငါးရှဉ့်တွေကို ရန်ကုန်  ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေပါတယ်။ အခုလို ငါးရှဉ့်ဈေးကောင်းရလာတော့   ကာလရှည်  အခက်အခဲရှိနေတဲ့ ငါးရှဉ့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေလာပါတယ်”ဟု မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ချိုချိုကပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများသည် ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ ပုံမှန်တင်ပို့ ရောင်းချလျက် ရှိကြောင်း၊ ဇူလိုင်  ၁  ရက်မှ  ၃၁  ရက်အထိ  ငါးရှဉ့် ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၁၂၀၀၀၀ အထိ ဈေးနှုန်းရရှိကြောင်း၊ အဆိုပါဒေသထွက် ငါးရှဉ့်များကို   ရန်ကုန်ဈေးကွက်မှတစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။