အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ထုတ်ပြန်ကြေညာချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ကြေညာချက်

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်)

(၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်)

၁။      အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးတို့ကို မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ နိုင်ငံရေး ဆွေးနွေးပွဲများကို (၄)ကြိမ်ကျင်းပနိုင်ခဲ့ပြီး ၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ခိုင်မာသည့် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ် များကိုလည်း သဘောတူညီနိုင်ခဲ့ပါသည်။ ညီလာခံအလွန်ကာလများ တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်ခဲ့ပါသည်။

၂။       ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုများ နှင့်စပ်လျဉ်း၍လည်း  “မည်သူကိုမှ မကျန်ခဲ့စေရ”  ဟူသည့် မူဝါဒနှင့်အညီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် “ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ"ကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၃။      ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ထိုသို့ကျင်းပခဲ့ရာတွင် တိုင်းရင်းသား ပြည်သူများ ဘေးကင်းလုံခြုံ အေးချမ်းတည်ငြိမ်စွာဖြင့် ဆန္ဒမဲပေးနိုင်ရေး အတွက်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း အပြုသဘောဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

၄။      ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် အရေးကြီးသည့် အဆင့်တစ်ဆင့်ဖြစ်ပြီး အဘက်ဘက်မှပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ကျေးဇူးဥပကာရ အထူးပင်တင်ရှိပါသည်။ လွတ်လပ်၍ တရားမျှတ သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေး အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော နယ်မြေဒေသများ၊ ယင်းနယ်မြေဒေသများရှိ ပြည်သူများအားလုံးအတွက်လည်း အထူးပင် စိတ်မကောင်းဖြစ်ရပါသည်။ ယင်းနယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်သည့်အခြေ အနေရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

၅။      အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေ ဖြင့်   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။