နှစ်စဉ်ဆောင်းရာသီကာလတွင် လာရောက်ခိုနားကြသည့် ဆောင်းခိုငှက်များ မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက်လာ

ကမ္ဘာ့မြောက်ဘက်ခြမ်းမှ    နှစ်စဉ် ဆောင်းရာသီကာလတွင် လာရောက်ခိုနားကြသည့် ဆောင်းခိုငှက်များ  မြန်မာနိုင်ငံ အတွင်းသို့ နိုဝင်ဘာလဆန်းပိုင်းမှ စတင်ဝင်ရောက်လာကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ငှက်ပညာရှင်   ဦးသက်ဇော်နိုင်၏ ပြောပြချက်အရ သိရသည်။

ဆောင်းခိုငှက်တွေက   ပုံမှန်ဒီကာလ လောက်ဆို ဝင်နေပြီ။ မတ်လကုန်လောက်ဆိုပြန်ကြတယ်။  ဒါကတော့  ပုံမှန်ပါပဲ။

အကောင်အရေအတွက် အတက်အကျက ပုံမှန်ပါပဲ။ ဆောင်းခိုငှက်က ရေရှိတဲ့နေရာ မှန်သမျှ တော်တော်များများမှာ ဝင်တယ်။

အဓိကကတော့ သူတို့နေတဲ့နေရာတွေမှာ အရမ်းအေးလာတာလည်းပါတယ်။ ဆောင်းရာသီရောက်တော့မယ်ဆိုရင်  အကောင်ပေါက်လေးတွေကကြီးလာပြီး ပျံတတ်လာတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ရာသီဥတုအေးလာတော့  တချို့နေရာတွေဆိုရင် ရေခဲဖုံးလွှမ်းမှုပိုများလာတယ်။ အဲဒီတော့ အစာရှာဖို့ အခက်အခဲဖြစ်လို့ ကမ္ဘာ့တောင်ဘက်ခြမ်းကို   ပြောင်းရွှေ့ခိုနားလာကြတာပါ ဟု ဦးသက်ဇော်နိုင်ကပြောသည်။

မြန်မာနိုင်ငံ၌ ငှက်မျိုးစိတ်များနှင့် တခြားဇီဝမျိုးစုံမျိုးကွဲများ  နေထိုင်ကျက်စားရာ နေရာဒေသ  ၅၇  ခုရှိပြီး  ယင်းတို့အနက်   အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊  အင်းလေးကန်  ငှက်ဘေးမဲ့တော၊ ပလိပ်အင်း၊ မြစ်သားအင်း၊ ကြေးနီအင်း၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊   ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၊  မုတ္တမပင်လယ်ကွေ့နှင့်    နံ့သာကျွန်းတို့သည် ဆောင်းခိုငှက်များ   အဓိက လာရောက်ခိုနားရာနေရာများဖြစ်ကြောင်း    သိရသည်။     

  ဆုလာဘ်