ဟန်လင်းမြို့ဟောင်းအတွင်း တွေ့ရှိရသော ပျူခေတ်လက်ရာ ဒွါရပါလပုံပါ သဲကျောက်တုံးတူးဖော်မှု ယခုလကုန်ပိုင်းတွင် ပြီးစီးမည်

ဝက်လက်  နိုဝင်ဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကမ္ဘာ့အမွေအနှစ် ဟန်လင်းမြို့ဟောင်းအတွင်း တွေ့ရှိရသည့် ဒွါရပါလပုံပါ  သဲကျောက်တုံးတူးဖော်မှု ယခုလကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း  ရှေးဟောင်းသုတေသန ဦးစီးဌာန (ဟန်လင်းဌာနစု) ဦးစီးအရာရှိ ဦးစောနိုင်ဦးထံမှ သိရသည်။

တချို့အပိုင်းတွေက ပြန်ဆက်ပေးရတာတွေရှိတယ်။   နှစ်ကာလကြာမြင့်နေတော့  ပြန်လည်ပြုပြင်ရပါတယ်။  နောက်ပြီး ရေရှည်ထိန်းသိမ်းနိုင်ဖို့ လုပ်ရပါတယ်။ ယာယီအမိုးအကာတွေ ပြုလုပ်ပြီး တူးဖော်ရေးလုပ်ငန်းတွေ  ဆောင်ရွက်နေပါတယ်။ ဒီလကုန်ပိုင်းလောက်ပြီးစီးနိုင်ပါတယ်။   အားလုံးပြီးစီးရင်တော့  မူလတွေ့ရှိတဲ့နေရာမှာပဲ ထားရှိပြီး အများပြည်သူလေ့လာနိုင်အောင် ပြသမှာပါ။ ပဲ့ကျနေတဲ့အစိတ်အပိုင်းတွေကို စနစ်တကျနဲ့ ပြန်လည်ဆက်စပ်တဲ့ လုပ်ငန်းကို အသေးစိတ်ဆောင်ရွက်နေပါတယ်ဟု ဦးစောနိုင်ဦးက ပြောသည်။

အဆိုပါ သဲကျောက်တုံးကြီးတွင် ထွင်းထုထားသည့် ရုပ်ကြွကြီး၏ ခြေသလုံးနှစ်ဖက် တွင် နဂါးတစ်ကောင်ရစ်ပတ် ဟန်ထည့်သွင်း ထွင်းထုထားပြီး ယခင် ဟန်လင်းမြို့ဟောင်းတွင်   နဂါးရုပ်လုံးရုပ်ကြွများ တူးဖော်တွေ့ ရှိခဲ့သည့် အထောက်အထား တစ်ကြိမ်မျှ မရှိသေးကြောင်း၊ ဒွါရပါလပုံပါ သဲကျောက်တုံးကို   ဟန်လင်းမြို့ဟောင်း ကုန်းအမှတ် (၃၉) နန်းတော်ဝင်ပေါက်တွင် မှောက်လျက် အနေအထားဖြင့်   ၂၀၁၅  ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။       စိုးမိုး