မုံရွာမြို့တွင်းလမ်းမများ အဆင့်မြှင့်တင် ခင်းကျင်းမှု ၈၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

မုံရွာမြို့တွင်းလမ်းမများ အဆင့်မြှင့်တင် ခင်းကျင်းမှု  ၈၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

       ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့၌    လမ်းများ အဆင့်မြှင့်တင် ခင်းကျင်းမှု လျာထားချက်၏ ၈၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း  မုံရွာမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

အဆိုပါ   မုံရွာမြို့တွင်းလမ်းမများ အဆင့်မြှင့်တင်ခင်းကျင်းခြင်း လုပ်ငန်းကို  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၈၁၉၉ ဒသမ ၁၈၇ သန်းဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

    “မုံရွာမြို့ဟာ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့  မြို့ဖြစ်လို့  မြို့အင်္ဂါရပ်နဲ့အညီ  လမ်းတွေ အဆင့်မြှင့်တင်ခြင်းကို   ဘဏ္ဍာရေးနှစ် အလိုက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း   လုပ်ဆောင်ပေးနေတာဖြစ်တယ်။ အခုဘဏ္ဍာရေးနှစ်မှာလည်း လျာထားချက်ရဲ့  ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်တွင်  မုံရွာမြို့တွင်းလမ်းမများ    အဆင့်မြှင့်တင်ခြင်း အနေဖြင့် လမ်းအရှည် ၁၁ မိုင် ၄ ဒသမ ၃၀ ဖာလုံရှိ နိုင်လွန်ကတ္တရာလမ်း ၂၆ လမ်း၊ လမ်းအရှည် ၂ မိုင် သုည ဒသမ ၃၉ ဖာလုံရှိ ကတ္တရာလမ်း  ခုနစ်လမ်း၊ လမ်းအရှည်  ၄  ဒသမ ၃၃ ဖာလုံရှိ     ကွန်ကရစ်လမ်းသုံးလမ်း တို့ကို ခင်းကျင်းရန် လျာထား လုပ်ဆောင်ခဲ့ရာ ယခုအခါ လျာထားချက်လမ်းများ အားလုံး၏   လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။