မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေး အစီအစဉ်(၁)ကျင်းပ

မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေး အစီအစဉ်(၁)ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၅

    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း ၂၀၂၀ ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံ အတွင်းရှိ MSMEs များအား   စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေး အစီအစဉ် (၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၂၁) သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမျိုးသိန်းကျော်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး   သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နည်းပညာဖြန့်ဝေပေးခြင်းနှင့် ပတ်သက်၍    ရှင်းလင်းပြောကြားသည်။

    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများ အချင်းချင်းဖလှယ်ထားသော နည်းပညာခြောက်မျိုးကို စာတွေ့လက်တွေ့ သင်ကြားပေးခြင်းဖြစ်ပြီး အဆိုပါနည်းပညာများမှာ ချဉ်ပေါင်ဖူးဖျော်ရည် ထုတ်လုပ်ခြင်းနှင့် ချဉ်ပေါင်ဖူးမှ အခြားထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ သရက်သီး ဂျယ်လီဖျော်ရည် ထုတ်လုပ်ခြင်း၊ ပဲနို့ထုတ်လုပ်ပြီး ကျန်သော အနှစ်များမှ ကွတ်ကီးထုတ်လုပ်ခြင်း၊  Freezed- Dried  နည်းပညာဖြင့်  စိုက်ပျိုးရေးထွက် တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ခြင်း၊ Vacuum  Fried နည်းပညာဖြင့်   အသီးအနှံအခြောက် ထုတ်ကုန်များပြုလုပ်ခြင်း နည်းပညာများဖြစ်သည်။    စံချိန်စံညွှန်းပြည့်မီပြီး ကျန်းမာရေးနှင့် ညီညွတ်သော  တန်ဖိုးမြှင့်စိုက်ပျိုးရေး ထုတ်ကုန်အမယ်သစ်များ  စနစ်တကျ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပြီး  တက်ရောက်လာသူ MSME လုပ်ငန်းရှင်များမှ စာတွေ့လက်တွေ့ ကိုယ်တိုင် လုပ်ဆောင်ကြမည်ဖြစ်သည်။

    အဆိုပါ နည်းပညာပြန်လည်ဖြန့်ဝေရေး ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပညာရှင်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် အထက်မြန်မာပြည် MSMEs လုပ်ငန်းများမှ  သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး   တက်ရောက်ပြီး သင်တန်းကာလကို သြဂုတ် ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။