တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ယူနန်ပန်တက်စ်နည်းပညာ ကုမ္ပဏီသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သွားရောက်လေ့လာ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ယူနန်ပန်တက်စ်နည်းပညာ ကုမ္ပဏီသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး  သွားရောက်လေ့လာ

နေပြည်တော်   သြဂုတ်  ၁၅

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပမည့် “(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ”သို့ တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီခွဲတွင် ယူနန်စက်မှုဖွံ့ဖြိုးရေးဇုန်၌ တည်ရှိသော  ယူနန်ပန်တက်စ် နည်းပညာကုမ္ပဏီ (Yunnan Pan Test Technology Company )သို့ သွားရောက် လေ့လာရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လယ်ယာထွက်ကုန်များ စမ်းသပ်စစ်ဆေးနေမှု အခြေအနေကို လိုက်လံရှင်းလင်း ပြသသည်။

ပြည်ထောင်စုဝန်ကြီးက  ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးမှု လုပ်ငန်းများနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ   မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်  အလားအလာများကို လည်းကောင်း၊ မြန်မာ့လယ်ယာထွက်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စွာဖြင့် တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း   ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရင်းနှီးစွာဆွေးနွေးခဲ့သည်။

 ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ယူနန်ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ  တက်ရောက်ခဲ့ကြောင်း  သိရသည်။