ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)နှင့် ဝန်ကြီးဌာနတို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ဆွေးနွေး

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)နှင့် ဝန်ကြီးဌာနတို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ဆွေးနွေး

နေပြည်တော် သြဂုတ် ၁၅

    လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Martin Griffiths  ဦးဆောင်သော အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါမုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှု အခြေအနေ၊ မျိုးစေ့နှင့်မြေသြဇာများ ထောက်ပံ့ပေးနိုင်မှု၊ အာဆီယံအဖွဲ့၏ AHA Centre  မှ AHA Centre  က  နေပြည်တော်တွင် လာရောက် ရုံးထိုင်ပြီး အကူအညီများ ပေးအပ်ခဲ့မှု၊ အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေး အဖွဲ့(ASEAN-ERAT) အဖွဲ့ဝင် ၁၄ ဦး ရခိုင်ပြည်နယ်သို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့မှု၊ မိတ်ဆွေနိုင်ငံများက လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ ပေးအပ်မှု အခြေအနေများနှင့်  ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် ဝန်ကြီးဌာနတို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ UNOCHA နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့အကြား သဘောတူညီမှုစာလွှာ (LoA)  သက်တမ်းတိုးရေး ကိစ္စရပ်များ၊ OCHA ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာကိစ္စရပ်များ၊  အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းအများစုသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နားလည်မှု စာချွန်လွှာ (MoU) သက်တမ်း ကုန်ဆုံးနေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့  မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ   လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး  Mr. Ramanathan Bala-krishnan ၊ ရန်ကုန်မြို့ UNOCHA ရုံးအကြီးအကဲ Mr. Sajjad Mohammad Sajid နှင့်  ဝန်ကြီးဌာနဘက်မှ  ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များ  ပါဝင်တက်ရောက်ခဲ့ကြကြောင်း   သတင်းရရှိသည်။