သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် သြဂုတ် ၁၅

 

သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်း အဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး အသေးစား၊ အငယ်စားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ MSME သတ္တုလုပ်ငန်းရှင်များ၊ သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေး မြှင့်တင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့သို့  သွားရောက်၍ ြှနြ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ တင်ပြချက် ၂၃၀ နှင့်ပတ်သက်၍ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၏ စုပေါင်းအင်အားနှင့် ပူးပေါင်းပံ့ပိုး ဖြေရှင်းပေးလျက်ရှိကြောင်း၊ ယခု ညှိနှိုင်းဆွေးနွေးပွဲသည် ခရီးစဉ်အတွင်း၌ ပဲခူးတိုင်းဒေသကြီးရှိ  MSME လုပ်ငန်းရှင်များတင်ပြခဲ့သည့် လိုအပ်ချက်များနှင့် ပတ်သက်ပြီး ပူးပေါင်းပံ့ပိုးပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သပြုကျေးရွာရှိ MSME သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံ လောင်းလုပ်ငန်းရှင်များမှ တင်ပြတောင်းဆိုထားသော ဘီယာစွန့်ပစ်ပစ္စည်းများ၊ ကားနံပါတ်စွန့်ပစ် သတ္တုပြားများ၊ သတ္တုတွင်စာ၊  သတ္တုချော်ချီးနှင့် အခြားစွန့်ပစ် သံ/ဒန်သတ္တုများ စသည့် ကုန်ကြမ်းပစ္စည်းများကို  ပံ့ပိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်  ကွန်ရက် ချိတ်ဆက်၍ ပူးပေါင်းဆွေးနွေး အဖြေရှာနိုင်ကြရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းကြီးများမှ ထွက်ရှိသည့် Metal Waste များကို MSME လုပ်ငန်းများတွင် ပြန်လည် အသုံးပြုမည်ဖြစ်သည့်အတွက် Metal   Waste   ထွက်သည့် သက်ဆိုင်ရာ လုပ်ငန်း/ဌာနများအနေဖြင့် အသေးစိတ်ဆွေးနွေးပေးကြစေလိုကြောင်း။

စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုခြင်းဖြင့် Reduce, Reuse, Recycle & Recover ဆိုသည့် 4R Principle နှင့်အညီ ထုတ်ကုန်ပစ္စည်းအဖြစ် ပြန်လည်ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ အသုံးမဝင်၍ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်းများကို Recycle ပြုလုပ်ပြီးကုန်ကြမ်းအဖြစ် ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်း၌ Recuse ပြန်လည်အသုံးပြုခြင်းအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်သလို သဘာဝစွမ်းအင်များကိုလည်း ချွေတာရာရောက်ကြောင်း၊ MSME များဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ နိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပံ့ပိုးဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်း အဖွဲ့များမှ ဒန်သတ္တုကုန်ကြမ်းပံ့ပိုးပေးနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။