ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

    လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုး တက်စေရန်နှင့်  ထူးချွန်ထက်မြက်သည့်  အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  ကျပန်းစကားပြောပြိုင်ပွဲကို သြဂုတ် ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ  အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကော့မှူးမြို့နယ် ပညာရေးမှူး ဒေါ်နုနုကြည်က အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊   နှုတ်မှုရေးရာ စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ အသိပညာ ဗဟုသုတများ စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရန်  ကျပန်းစကားပြောပြိုင်ပွဲများ    ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရာ ကော့မှူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ   ကျောင်းသား၊ ကျောင်းသူ ငါးဦးက ပညာရဲရင့်ပွဲလယ်တင့်၊ အစဉ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊ စာပေတင့်မှ လူမျိုးမြင့်နိုင်မည်၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊  မူးယစ်ရန်စွယ်တို့ကာကွယ် ခေါင်းစဉ်ငါးခုကို မဲနှိုက်ပြီး ကျရာခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်လှလှအေးတို့က  ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့်  စာအုပ်ပြပွဲကို   ကျောင်းသား၊ ကျောင်းသူများက  ကြည့်ရှုလေ့လာကြကြောင်း သိရသည်။ ကော့မှူးမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကျပန်းစကားပြောပြိုင်ပွဲများကို အခြေခံပညာ အထက်တန်းကျောင်း(နတ်စင်ကုန်း)နှင့် အခြေခံပညာ အထက်တန်းကျောင်း (ထန်းမနိုင်) ကျောင်းများတွင်လည်း ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း    သိရသည်။