မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြသူများ၏ ဝမ်းသာပီတိစကားသံများ

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြသူများ၏ ဝမ်းသာပီတိစကားသံများ

    ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်  ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အတွက် သြဂုတ်  ၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ ရက်တိုးမြှင့် သတ်မှတ်၍ အခမဲ့ဖူးမြော်ကြည်ညိုရန်  ဖွင့်လှစ်ထားလျက်ရှိရာ အထူးစည်ကားလျက် ရှိသည်။

အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၁၈-၈-၂၀၂၃ ရက်တွင် လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးအလှူရှင်များ၏ ဝမ်းသာပီတိစကားသံများကိုလည်း  ပြန်လည် မျှဝေလိုက်ရပါသည်-

Description: C:\Users\Administrator\Desktop\19-8-2023\198252.JPG

ဦးစောမျိုးအောင်(ခေါ်)အိုင်ပီမျိုးအောင်၊ နေပြည်တော်

    ကျွန်တော် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုဖူးတာ    ဒီနေ့နဲ့ သုံးကြိမ်ရှိပါပြီ။ ဘုရားကြီးက ဖူးမြော်လို့မဝတဲ့အတွက် ဒီနေ့ထပ်ရောက် ဖူးမြော်ခြင်းဖြစ်ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးက ဗုဒ္ဓသာသနာ ရောင်ဝါနေသို့   ထွန်းလင်းသည့်အလား ကမ္ဘာမှာ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်တွေ အထဲမှာ ဉာဏ်တော်အားဖြင့် လည်းကောင်း၊  ထုထည်အားဖြင့် လည်းကောင်း၊   တန်ချိန်အားဖြင့် လည်းကောင်း အကြီးဆုံးဖြစ်တဲ့အပြင် ပြုံးတော်မူရုပ်ပွားတော် တစ်ဆူအဖြစ်   ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ကျောက်စာရုံ စေတီများ ထီးတော်တင်ခြင်း မဟာမင်္ဂလာ အခမ်းအနားပြုလုပ်ခဲ့တဲ့အချိန်မှာလည်း သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရရဲ့ သြဝါဒကိုလည်း သတိပြုမိသလောက် ပြန်ပြောရရင် ဒီမာရဝိဇယဗုဒ္ဓဘုရားကြီးက မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်ဆစ်ရုပ်ပွားတော်များအထဲမှာ ခြောက်ဆူမြောက်ဖြစ်ပါတယ်။ ကျောက်ဆစ်ရုပ်ပွားတော် ခြောက်ဆူအနက် မာရဝိဇယဘုရားကြီးက တစ်ဆူတည်းသော ပြုံးတော်မူရုပ်ပွားတော်ကြီးဖြစ်လို့ ဦးဆောင်ဘုရားဒါယကာကြီးနဲ့တကွ ဘုရားတည်ရာမှာ ပါဝင်သူများ၊  ပြည်သူပြည်သားအားလုံးလည်း  ပြုံးပျော်နိုင်ပါစေလို့ သီတဂူဆရာတော်ကြီး ဆုတောင်းသြဝါဒစကားမြွက်ကြား ခဲ့ပါတယ်။ မိမိအနေနဲ့လည်း  သုံးခေါက်လာရောက် ဖူးမြော်ခဲ့တဲ့အချိန်မှာ သတိပြု မိတာတစ်ခုကတော့ သီတဂူဆရာတော်ကြီးမြွက်ကြားခဲ့သလိုပဲ   နိုင်ငံအရပ်ရပ်ကနေလာရောက်ဖူးမြော်ကြတဲ့  ဘုရားဖူးများလည်း ပြုံးပျော်နေတာကို တွေ့ရတဲ့အတွက် ကျွန်တော့်အနေနဲ့လည်း ပြုံးပျော်မိပါတယ်။

Description: C:\Users\Administrator\Desktop\19-8-2023\198253.JPG

စိုင်းငွေဝင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်းမြို့

    ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့ကနေ လာခဲ့တာပါ။ မာရဝိဇယဘုရားကြီးကို ဖူးချင်လွန်းလို့ အဝေးကြီးကနေ ခက်ခက်ခဲခဲ လာခဲ့ရပါတယ်။   ကျွန်တော်တို့အဖွဲ့ စုစုပေါင်း ၁၄ ယောက်ရှိပါတယ်။ ကားငှားပြီး လာခဲ့ကြတာပါ။ တစ်ခါမှမရောက်ဖူးတော့လေ လမ်းတွေလည်းမှား၊ အချိန်တွေလည်းကုန်   လူတွေလည်း ပင်ပန်းတာပေါ့၊ဒီမာရဝိဇယ ဘုရားကြီးရောက်မှပဲ စိတ်ချမ်းသာရတော့တယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာလည်း ဒီလိုမျိုးကြီးမားပြီး ထူးခြားတဲ့ ဘုရားကြီးမရှိဘူး။    ရှမ်းတိုင်းရင်းသား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံထဲမှာ အခုလိုမျိုး ကမ္ဘာပေါ်မှာ အကြီးဆုံးစကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုခွင့်ရတဲ့ အတွက်ကြောင့် ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ နေပူနေပေမယ့်လည်း ကြွေပြားတွေ ခင်းထားတော့ မပူဘူးဗျ။   အေးချမ်းနေတာပဲ။ ကျောက်စာရုံများ၊   သာသနိက အဆောက်အအုံများ၊ သုဓမ္မာဇရပ်တွေနဲ့ ဗိမာန်တော်ကြီးကိုလည်း   သွားရောက် လေ့လာခဲ့ရတဲ့အတွက်ကြောင့်    များစွာ ဗဟုသုတရရှိခဲ့ပါတယ်။ ကျွန်တော်တို့လိုပဲ ရှမ်းပြည်နယ်ကနေ သူ့အဖွဲ့နဲ့သူလာတဲ့သူတွေလည်းရှိပါတယ်။

Description: C:\Users\Administrator\Desktop\19-8-2023\198254.JPG

ခွန်စောလင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်းမြို့

    ကျွန်တော်က ပအို့ဝ်တိုင်းရင်းသား တစ်ယောက်ဖြစ်ပါတယ်။ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာက လာခဲ့ကြတာပါ။ သူငယ်ချင်းတွေစုပြီး ကားငှားပြီးလာခဲ့တာ ဖြစ်ပါတယ်။ အလုပ်အားလပ်ရက်မှာ ကုသိုလ်လုပ်ဖို့ လာခဲ့တာပါ။ နေပြည်တော်မှာ  စကျင်ကျောက်တုံးကြီးနဲ့  ထွင်းထုပူဇော်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ နာမည်ကြီးနေတော့ လူတိုင်းလာချင်ကြတယ်။  ဒီဘုရားကြီးကိုဖူးမြော်ချင်လွန်းလို့ သူငယ်ချင်းတွေစုပြီး လာခဲ့ကြတာပါ။   တစ်ခါမှမရောက်ဖူးတော့လေ မနက်အစောကြီးကတည်းက လာခဲ့ကြတာပါ။ ဘုရားကြီးရဲ့ ရင်ပြင်တော်ပေါ်ရောက်တော့ ဘုရားကြီးကို ကြည်ညိုလွန်းလို့ ပြောမပြတတ်အောင်  အံ့သြမိပါတယ်။ သူငယ်ချင်းတွေပျော်ပျော်ပါးပါး အမှတ်တရ ဓာတ်ပုံတွေရိုက်ကြတယ်။ ကျွန်တော်တို့က လူငယ်တွေဖြစ်ပြီး ဒီလိုမျိုးတစ်ခါမှ မမြင်ဘူးတော့ကျွန်တော်တို့အတွက် လေ့လာစရာတွေအများကြီးပဲ၊ ပိဋကသုံးပုံ ကျမ်းစာတွေကို ကျောက်စာရေးထိုးထားတာမြင်ရတော့    ဗဟုသုတရပါတယ်။ သူငယ်ချင်းတွေစုပြီး    အလှူငွေလည်း တတ်နိုင်သလောက်   လှူနိုင်ခဲ့ပါတယ်။ ကုသိုလ်တွေအများကြီးရမယ်လို့လည်း မျှော်လင့်မိပါတယ်။

Description: C:\Users\Administrator\Desktop\19-8-2023\198255.JPG

ဦးသန်းထွေး၊ နမ္မတီးမြို့

    နေပြည်တော်ကို ကျန်းမာရေးအတွက် ဆေးကုလာရင်းနဲ့     ဒီနေပြည်တော်မှာ တည်ထားကိုးကွယ်လျက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ချင်လွန်းလို့ မဖြစ်မနေ လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကိုဖူးမြော်ရတာ ကြည်ညိုလွန်းလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။  ခံစားနေရတဲ့ရောဂါတွေတောင် သက်သာသွားရတယ်လို့  စိတ်ထဲမှာ ထင်ယောင်မိပါတယ်။ အဂ္ဂါဓိပတိဆိုတဲ့ ဗိမာန်တော်ကြီးကလည်း   ဗုဒ္ဓသာသနာ မွေးဖွားရာ အရပ်ဒေသလို့ ချီးမွမ်းတင်စားပြောလို့ ရပါတယ်။   စွမ်းဆောင်ပေးတဲ့ ပုဂ္ဂိုလ်ကြီးများကို ကျေးဇူးအထူးတင်ပါတယ်။ ဒီမာရဝိဇယ ဘုရားကြီးဟာဆိုရင် လက်ရာက အင်မတန်မှပြောင်မြောက်လှပါတယ်။  ပိဋကသုံးပုံ ကျောက်စာများ ကျောက်ထက်မှာ  ကမ္ပည်း တင်ထားတာဆိုရင်လည်း ကမ္ဘာ့အကြီးဆုံး စာအုပ်လိုပါပဲ၊ ဝိနည်းသုတ္တန် အဘိဓမ္မာများဟာဆိုရင်   သံဃာတော်များလည်း    လေ့လာလို့ရတယ်၊

ဘာသာရေးကို လေ့လာချင်တဲ့ပုဂ္ဂိုလ်များ အတွက် ဆရာတော်၊ သံဃာတော်များနှင့်အတူ လေ့လာလို့လည်းရတယ်။ မြန်မာပြည်အနယ်နယ် အရပ်ရပ်မှာရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်များအားလုံး   မဖြစ်မနေ လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းလိုပါတယ်။

Description: C:\Users\Administrator\Desktop\19-8-2023\198256.JPG

ဒေါ်လွင်လွင်သန်း၊ နမ္မတီးမြို့

    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို   တီဗွီထဲမှာ သတင်းကြည့်ရင်းမြင်ကတည်းက အရမ်းဖူးမြော်ချင်လွန်းလို့ လာခဲ့တာဖြစ်ပါတယ်။ ဒီဘုရားကြီးကို မရောက်ရောက်အောင်   သွားရောက်ဖူးမြော်ချင်တဲ့ ဆန္ဒက အရမ်းပြင်းပြနေခဲ့တာပါ။  ဘုရားကြီးပြီးပြီဆိုတဲ့ သတင်းကိုကြားကြားချင်း အရမ်းကို ဝမ်းသာအားရနဲ့ လာရောက်ဖူးမြော်ရခြင်း ဖြစ်ပါတယ်။    ဘုရားကြီးကို ရောက်တဲ့ အချိန်မှာတော့   ရင်ထဲမှာ  အရမ်းကိုအေးချမ်းပြီး  တအားကိုကြည်နူး ပီတိဖြစ်ရပါတယ်။    ဗုဒ္ဓဘာသာဝင်သူတော်စင်များ အနေနဲ့ ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို  မဖြစ်မနေလာရောက် ဖူးမြော်စေချင်ကြောင်း ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။   ။