“စနစ်ကျနစွာနဲ့ မာရဝိဇယဘုရားကြီးကိုတည်ထားပူဇော်ခဲ့ကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ အလှူရှင်တွေ၊ ပါဝင်ဆောင်ရွက်သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ သာသနာရောင်ဝါနေသို့ထွန်းပါစေသော်”

“စနစ်ကျနစွာနဲ့ မာရဝိဇယဘုရားကြီးကိုတည်ထားပူဇော်ခဲ့ကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ အလှူရှင်တွေ၊ ပါဝင်ဆောင်ရွက်သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ သာသနာရောင်ဝါနေသို့ထွန်းပါစေသော်”

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်  ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် သြဂုတ်  ၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ အခမဲ့ဖူးမြော်ကြည်ညိုရန်  ဖွင့်လှစ်ထားလျက်ရှိရာ အထူးစည်ကားလျက်ရှိသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၃ ခုနှစ် သြဂုတ် ၁၉ ရက်တွင် လာရောက် ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးအလှူရှင်များ၏ ဝမ်းသာပီတိစကားသံများကိုလည်း  ပြန်လည်မျှဝေလိုက်ရပါသည်-

ဦးစောလှ(မလှိုင်)

ဦးလေးက  မလှိုင်မြို့နယ် ဆည်တိုအုပ်စုက ဘုရားကြီးကိုလာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။    ဘုရားကြီးစစဖွင့်တဲ့ တစ်ရက်နေ့ကတည်းက     ဘုရားကြီးအကြောင်းကို တီဗွီမှာလည်းတွေ့ရ၊ မြင်ရ၊ ဖူးနေရတာဆိုတော့  ဘုရားကြီးကို ကိုယ်တိုင်လာရောက်ဖူးမြော်ချင်တဲ့   စိတ်တွေ ဖြစ်ပေါ်လာတဲ့အတွက် မိသားစုတွေခေါ်ပြီး  လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။

မိသားစု စုစုပေါင်း ၁၂ ယောက်ရှိပါတယ်။ အိမ်ကနေ ဒီဘုရားကြီးကို နံနက် ၄ နာရီ လောက်ကတည်းကထွက်လာတာ   ဒီကို ၁၀ နာရီဝန်းကျင်လောက်ရောက်ပါတယ်။ ဒီဘုရားကြီးဖူးပြီးရင် ဥပ္ပါတသန္တိဘုရားကြီးနဲ့ ဗုဒ္ဓဂယာကို မိသားစုတွေနဲ့သွားရောက်ဖူး မြော်ကြမှာပါ။ အခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်တဲ့အခါ   ဘုရားကြီးက တီဗွီထဲမှာဖူးရတာထက်   ပိုပြီးကြီးမားသပ္ပာယ်တဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီးကို အခုလိုဖူးမြော်နိုင်အောင် အလှူအတန်းပြုပေးကြတဲ့ နိုင်ငံ

တော်အကြီးအကဲကြီးနှင့် အလှူရှင်များကိုလည်း ဒီထက်ပိုပြီး လှူနိုင်တန်းနိုင်ဒါနပြုနိုင်ပါစေလို့ သာဓုခေါ်ပါတယ်ဗျာ။ ဦးဆောင်ဘုရားဒါယကာကြီးဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင် ပါတယ်။ အခုလို မာရဝိဇယဘုရားကြီးကို အပြင်မှာဖူးမြော်ခွင့်ရတဲ့အခါ စိတ်ထဲမှာဂုဏ်ယူ ဝမ်းသာမိတဲ့အတွက် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများကိုလည်း လာရောက်ဖူးမြော်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါ်ခင်မြလဲ့(မလှိုင်)

ကျွန်မကတော့ ဘုရားကြီးကို  မလှိုင်မြို့နယ် ဆည်တိုအုပ်စု ရွှေဆယ်ရွာကနေ လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ဘုရားကိုစတင်တည်ကတည်းက တီဗွီမှာကြေညာတာတွေ၊ သတင်းစာတွေထဲမှာ ဖတ်ရ၊ သိရ၊ ကြားရ၊ မြင်ရပြီး ဘုရားကြီးကို ကိုယ်တိုင် လာရောက်   ဖူးချင်နေခဲ့တာဖြစ်ပါတယ်။

အခုလို  ကိုယ်တိုင်လာရောက်ဖူးမြော်ခွင့်ရတဲ့အခါမှာလည်း  ဘုရားကြီးကိုတည်ဆောက်ထားပုံ၊ ဘုရားကြီးရဲ့ ဉာဏ်တော်မှာလည်း အလွန်မြင့်မားပြီး ကမ္ဘာ့အကြီးဆုံးကျောက်ဆင်းတုတော် ဘုရားကြီးဖြစ်တဲ့အပြင် ကျောက်စာရုံစေတီများနှင့် ရှေးခတ်အနုပညာလက်ရာ သိမ်ဇရပ်ကြီးများကိုလည်း ညီညာသပ်ရပ်စွာ စနစ်တကျတည်ဆောက်ထားတဲ့အတွက် အလွန်အံ့သြ ဂုဏ်ယူဝမ်းသာပီတိဖြစ်မိပါတယ်။  ဒီလိုဘုရားကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တဲ့အတွက် ကိုယ့်နိုင်ငံအတွက်လည်း ဂုဏ်ယူမိပါတယ်။ မြင်ရ၊ ဖူးရတာလည်း ကြည်နူးရပါတယ်။ ဘုရားကြီးကို တည်ထားကိုးကွယ်ဖို့အတွက်   စီစဉ်ပေးကြတဲ့ အထက်က အကြီးအကဲများနှင့် အလှူရှင်များအကုန်လုံးကို ကျေးဇူးလည်း တင်ပါတယ်ရှင်။ ကျောက်စာတွေမှာ နှစ်ဆယ့်လေးပစ္စည်းတစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ကိုလည်း ရိုမန်၊ ပါဠိနှစ်ဘာသာဖြင့် ရှင်းပြထားတာတွေလည်း တွေ့ရ၊ မြင်ရသလို ထုထည်ကြီးမားတဲ့ ကျောက်ပြားကြီးများဖြင့် ထွင်းထုထားတာကိုတွေ့ရတဲ့အတွက် အံ့သြရပါတယ်။  မာရဝိဇယဘုရားကြီးကို တည်ထားကိုးကွယ်ဖို့ ဆောက်လုပ်ပေးတဲ့သူအားလုံးကိုလည်း   ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုလာရောက်ဖူးမြော်ရတဲ့အတွက် ကိုယ်တိုင်လည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီလိုမျိုးဘုရားကြီးတွေကို နောင်လည်း     အများကြီးတည်ဆောက် ဖူးမြော်ခွင့်ရအောင် ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ ဒီနေပြည်တော်မှာရှိတဲ့ မာရဝိဇယ ဘုရားကြီးကို အနယ်နယ်အရပ်ရပ်က ပြည်သူများကို လာရောက်ဖူးမြော်ကြပါလို့၊    ဘုရားကြီးမှာရှိတဲ့ ထူးဆန်းတာတွေအားလုံးကို မြင်ရအောင်၊ တွေ့ရအောင်၊   ကိုယ်တစ်ယောက်တည်းလည်းမဖူးချင်ပါဘူး။     အားလုံးကိုတွေ့စေချင်၊  မြင်စေချင်၊ ဖူးစေချင်တဲ့အတွက် လာရောက်ဖူးမြော်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ဦးကျော်မင်း(ပျော်ဘွယ်)

ပျော်ဘွယ်ကနေ မိသားစုတွေနဲ့အတူ ဘုရားဖူးလာတာဖြစ်ပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်တာ     ဒီအကြိမ်နဲ့ဆို နှစ်ခေါက်ရှိပြီဖြစ်ပါတယ်။ အရင်တစ်ခေါက်က အဖေက ဒီဘုရားကြီးမှာ တရားမထိုင်ခဲ့ရလို့ဆိုပြီး   အခုတစ်ခေါက် လာရောက်ဖူးမြော် တရားလာထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်ကတော့  ဘုရားကြီးရဲ့ နေရာစုံစုံလင်လင် မဖူးဖြစ်ခဲ့ဘူး၊     အခုတစ်ခေါက်ကျ      အစောကြီးလာပြီး ကျောက်စာရုံများ၊ မုစလိန္ဒအိုင်၊ နဂါးရုံ ဘုရားတွေကို စုံလင်အောင်ဖူးဖြစ်ပါတယ်။ အခုမောလို့ သုဓမ္မာဇရပ်မှာ နေ့လယ်စာလည်းစားရင်း ဝင်ရောက်နားခိုနေတာ ဖြစ်ပါတယ်။ တကယ်အေးချမ်းပါတယ်။ အခုနားပြီးတာနဲ့ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးထဲက ဘုရားကိုလည်း သွားဖူးပါဦးမယ်။ ဗိမာန်တော်ကြီးတည်ဆောက်ထားပုံနဲ့ ခမ်းနားနေမှုကိုလည်း လေ့လာချင်သေးတယ်လေ။ ပြီးရင်တော့ ဘုရားကြီးရင်ပြင်တော်တက် ဘုရားဖူးပြီးပြန်မှာပေါ့။ နေပြည်တော်မှာ   ဒီလိုခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် တည်ဆောက်ထားတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်လူမျိုးတွေ အတွက်တော့ တကယ့်ကိုဂုဏ်ယူစရာပါ။

အခုလိုတည်ဆောက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့အလှူရှင်များကိုလည်း အထူးကို ကျေးဇူးတင်ပါတယ်ဗျာ။

မနှင်းယုအေး(လယ်ဝေး)

သမီးကတော့ လယ်ဝေးမြို့နယ်ကနေ ဘုရားကြီးကိုလာရောက်ဖူးမြော်တာဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့လာတာပါ။ ဘုရားကြီးရောက်တော့ အရမ်းပျော်ပါတယ်။     လူတွေလည်းအများကြီးပဲ။   ပျော်စရာကြီးပေါ့။ ဒီနေ့ကလည်း ကျောင်းပိတ်ရက်ဆိုတော့ သမီးတို့လည်း လွတ်လွတ်လပ်လပ်  ဘုရားလာဖူးဖြစ်တာပေါ့။ နေပြည်တော်မှာ   အခုလိုဘုရားကြီးကိုတည်ထားတော့   မကြာမကြာလာဖူးဖြစ်မှာပါ။ နောက်ကျောင်းပိတ်ရက်တွေလည်း သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့အတူ လာရောက်ဖူးမြော်ပါဦးမယ်။

ဒေါ်ခင်မေသန်း(ပျဉ်းမနား)

ဒီမာရဝိဇယဘုရားကြီးက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲကထက် အပြင်မှာပိုပြီး ကြည် ညိုဖို့ကောင်းတယ်။ ဘုရားဖူးမယ်ဆိုပြီး ရုတ်တရက်မော့ကြည့်လိုက်တော့ ကောင်းကင်ပေါ်မှာ ဘုရားကြီးက တိမ်တွေထဲကနေ ထွက်ပေါ်နေသလိုပဲ တကယ်ကိုသပ္ပာယ်ကြည်ညိုဖို့ ကောင်းပါတယ်။ ဘုရားဖူးရင်း ဆုတစ်ခုတောင်းဖြစ်တယ်။ သံသရာက မလွတ်သရွေ့ ဘဝဆက်တိုင်း  ဘာသာသာသနာထွန်းလင်းတဲ့    ဒီလိုနေရာမှာ လူဖြစ်ရပါလို၏လို့   ဆုတောင်းခဲ့တယ်။ ဘုရားကြီးကို    တော်တော်ခက်ခက်ခဲခဲ တည်ဆောက်ထားရမယ်ထင်တယ်။ ဒီလောက်ကြီးတဲ့ဘုရားကြီးကို ဒါအပြင်မှာ ပထမဦးဆုံးဖူးဖူးတာပဲ။ ဂန္ဓကုဋိတိုက်ထဲ က ဗုဒ္ဓဝင်တွေဆိုလက်ရာအတော်မြောက်တယ်။    အသေးစိတ်ကိုကြည့်ခဲ့တယ်။ အင်ဂျင်နီယာတွေ  တော်တော်  တော်ကြတယ်။ ဘုရားကြီးလာမဖူးခင်က တီဗွီတွေသတင်းစာတွေမှာ ကြည့်မိဖတ်မိတာတွေရှိတယ်။ ဒီဘုရားကြီးရဲ့ ငလျင်ဒဏ်ခံနိုင်မှုတွေ ရှေးခေတ်လက်ရာအတိုင်း ပန်းချီတွေ၊ ပန်းဆွဲတွေ  အတော်ကိုအနုစိတ်ပါတယ်။ ဒါတွေကိုလည်း နိုင်ငံတော်အကြီးအကဲက ပြောပြောနေတာ ကြားဖူးတယ်။   မြန်မာ့တပ်မတော်အင်ဂျင်နီယာအဖွဲ့နဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့ပူးပေါင်းပြီး ဆောင်ရွက်တယ်။ ပြည်ပပညာရှင်တွေ မပါဘူး။ တကယ်ကိုဂုဏ်ယူစရာကောင်းပါတယ်။ ကျွန်မက ပျဉ်းမနားကဆိုတော့ နောက်ထပ်    နောက်ထပ်တွေလည်း လာရောက်ဖူးမြော်ကြည်ညိုဦးမယ်။  

ကျောက်စာရုံဘက်က ဗုဒ္ဓကျမ်းစာတွေကိုလည်း အချိန်ယူပြီး လာရောက်ဖတ်ရှုကြည်ညိုပါဦးမယ်။ အခုလို  စနစ်ကျနစွာနဲ့ တည်ထားတဲ့ မာရဝိဇယဘုရားကြီးကို တည်ထားပူဇော်ခဲ့ကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ အလှူရှင်တွေ၊ ပါဝင်ဆောင်ရွက်သူတွေအားလုံးကို  ကျေးဇူးအထူးတင်ပါတယ်။   သာသနာရောင်ဝါနေသို့ ထွန်းပါစေသော်။    ။

ပြည့်စုံအောင်