(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၁၂

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈နာရီတွင်  Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၃၇)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏  ဖွင့်ပွဲအခမ်းအနားနှင့် (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ပါဝင်တက်ရောက်သည်။

(၃၇)ကြိမ်မြောက်   အာဆီယံထိပ်သီး အစည်းအဝေး၏ဖွင့်ပွဲ အခမ်းအနားတွင်  ဗီယက်နမ်ယဉ်ကျေးမှုအဖွဲ့က  အနုပညာ အကများဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် အာဆီယံသီချင်းကို သီဆိုသည်။ ထို့နောက်  ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ  Mr.  Nguyen  PhuTrong  က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဝန်ကြီးချုပ် Mr. Nguyen  Xuan  Phuc က အဖွင့်အမှာ စကားများပြောကြား၍  (၃၇)ကြိမ်မြောက်  အာဆီယံ ထိပ်သီး အစည်းအဝေးကို ဖွင့်လှစ်သည်။

(၃၇)ကြိမ်မြောက်  အာဆီယံထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့်  ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ထိပ်သီး အစည်းအဝေး သို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင် များ၊ အာဆီယံ အတွင်းရေး မှူးချုပ်နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ကြသည်။ ထိပ်သီး အစည်း အဝေးတွင် အာဆီယံ ခေါင်းဆောင်များက အာဆီယံ အသိုက်အဝန်း တည်ထောင်ရေး ဆိုင်ရာကြိုးပမ်း ဆောင်ရွက်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး၊ အာဆီယံ၏အချက် အချာကျမှုဆက်လက်ထိန်းသိမ်းရေးနှင့်  ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ် များအပေါ်တွင် အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာ၌ ရခိုင်အရေး ကိစ္စနှင့် ပတ်သက်၍    မလေးရှား ဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် တုံ့ပြန် ပြောကြားရာတွင် နိုင်ငံတစ်ဝန်း၌ ဘေးကင်း လုံခြုံမှု၊ တရားမျှ တမှုနှင့်  အသိုက်အဝန်းများအကြား   သဟဇာတရှိမှုတို့ကို  ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရ အနေဖြင့် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ် စွန့်ခွာသူများ၏ အရေးကိစ္စ ကိုဖြေရှင်း ရာတွင် မိမိတို့ အနေဖြင့် အတူတကွ    ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ် မှုကျူး လွန်သူများသည်   နည်းပညာကို အလွဲသုံးစားပြု၍ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ပုံမှန်အနေ အထားသစ် နှင့်အညီ အလျင်အမြန်ပြုပြင်၍  လှုပ်ရှားမှု များပြုလုပ်လာနိုင်သည့် အတွက် လူကုန်ကူး မှုပြဿနာသည် ဒေသအတွက်အန္တရာယ် ကြီးမားနေဆဲဖြစ်ကြောင်း၊ မည်သည့် ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ လူကုန် ကူးမှုပြဿ နာကို   သည်းခံခွင့်လွှတ်ခြင်းပြုရမည် မဟုတ်သကဲ့သို့ ရခိုင်အရေး ကိစ္စနှင့် အတွင်းကျကျ ဆက်စပ်မှု ရှိနေသည့် အကြမ်းဖက်ဝါဒ (Terrorism) ကိုလည်း မည်သည့်နည်းနှင့်မျှ လက်ခံခြင်းမပြုကြရန် လိုအပ် ကြောင်း၊ အကြမ်းဖက်ဝါဒသည်  ရခိုင်ပြည်နယ်ရှိ  အသိုက်အဝန်းများအကြား သဟဇာတရှိမှု ကို ပျက်ပြားစေခဲ့သည် အလျောက် အသိုက်အဝန်းများကို ပိုမိုကွဲပြားမှု ဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များနှင့် ယင်းတို့၏ ဝါဒဖြန့်မှု များကို ရပ်တန့်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်းနှင့် နှစ်ဦးနှစ်ဖက်အကျိုး စီးပွားနှင့် စိုးရိမ်ပူပန်မှုတို့နှင့် သက်ဆိုင်သည့်  အဆိုပါပြဿနာများကို  ဖြေရှင်းရာတွင်   အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် အရေးကြီး ကြောင်း အလေးထား ပြောကြားခဲ့သည်။

(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး အပြီးတွင် အာဆီယံအသိုက် အဝန်း မျှော်မှန်း ချက်အခြေပြမြေပုံ (၂ဝ၂၅)၏ ကာလလယ် သုံးသပ်ချက်နှင့်  အာဆီယံ၏ဘက်စုံပြန် လည်ထူ ထောင်ရေး မူဘောင်တို့ကို တရားဝင် ထုတ်ပြန်ခြင်းနှင့် အာဆီယံ ဒေသတွင်းဆေး ပစ္စည်း အထောက်အပံ့များ သိုလှောင်ထား ရှိမှု စတင်ခြင်း ဆိုင်ရာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် မွန်းလွဲပိုင်းတွင် ဆက်လက် ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေး၊ (၂၃)ကြိမ် မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်း အဝေး၊ (၂၁)ကြိမ်မြောက် အာဆီယံ-ကိုရီးယားထိပ်သီး အစည်းအဝေး၊ (၁၇)ကြိမ်မြောက် အာဆီယံ- အိန္ဒိယထိပ်သီး အစည်းအဝေးနှင့် အာဆီယံ အမျိုးသမီးခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး တို့သို့  ပါဝင်တက် ရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးဖက်နိုင်ငံများနှင့် ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်း အဝေးများတွင် ခေါင်းဆောင်များက အနာဂတ် တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံ တကာရေးရာ ကိစ္စရပ်များကို  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ (၂၃)ကြိမ်မြောက် အာဆီယံ- ဂျပန် ထိပ်သီး အစည်းအဝေးတွင် အရေးပေါ် ပြည်သူ့ ကျန်းမာရေးနှင့် ရောဂါ အသစ်များဆိုင်ရာ  အာဆီယံ ဗဟိုဌာနကို ထူထောင်ကြောင်း     ထုတ်ပြန် ကြေညာခဲ့သည်။

ကျင်းပပြုလုပ်သည့် အာဆီယံအမျိုးသမီး ခေါင်းဆောင်များ၏ ပထမဆုံးအကြိမ်ထိပ်သီး အစည်းအဝေးကို ညနေပိုင်းတွင် ဆက်လက် ကျင်းပရာ အစည်းအဝေးသို့ အာဆီယံခေါင်း ဆောင်များ၊ နယ်သာလန်နိုင်ငံ ဘုရင်မ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဘဏ္ဍာ ရေးဆိုင်ရာ အထူးအကြံပေးအရာရှိ၊ ကမ္ဘာ့ဘဏ်၏ ဒုတိယဥက္ကဋ္ဌ၊  အာဆီယံ အဖွဲ့ဝင်  နိုင်ငံများရှိ ကဏ္ဍအသီးသီးမှ အမျိုးသမီး ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူး ချုပ်တို့ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။