သမိုင်းဝင် အမွေအနှစ် အဆောက်အအုံ ထိန်းသိမ်းခြင်းများအတွက် နည်းပညာ အကူအညီများ လိုအပ်ပါက တောင်းခံနိုင်

ရန်ကုန်မြို့၏  သမိုင်းဝင် အဆောက်အအုံများ ပြင်ဆင်မွမ်းမံရာတွင် နည်းပညာ အကူအညီများ လိုအပ်မှုရှိပါက အကူအညီ တောင်းခံနိုင်ကြောင်း  ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ Digital  Communications Assistant     ဒေါ်ငြိမ်းဇာသွယ်၏ ပြောပြချက်အရ သိရသည်။

''ရန်ကုန်မြို့ပြအမွေအနှစ်  ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေနဲ့ COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်းမှာ အမွေအနှစ် အဆောက်အအုံ ထိန်းသိမ်းတာတွေ၊ နည်းပညာ အကူအညီ ပေးတာတွေ လုပ်ကိုင်နေပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့   အကူအညီလိုရင် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ထံ  တောင်းခံနိုင်ပါတယ်''ဟု ဒေါ်ငြိမ်းဇာသွယ် ကပြောသည်။

လက်ရှိတွင်  ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ရန်ကုန် နည်းပညာတက္ကသိုလ်  ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအတွက်   အရည်အသွေး စစ်ဆေးမှုများ   ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် မဟာဗန္ဓုလလမ်း ပန်းဆိုးတန်းမီးပွိုင့်အနီးရှိ   အမွေအနှစ် အဆောက်အအုံကို    တီကျူးမား   (Tejoomal) အဆောက်အအုံဟု ခေါ်တွင်ခဲ့ပြီး  ဆင်းဒ်ပြည်နယ်   (ယခုပါကစ္စတန်နိုင်ငံ  အရှေ့တောင်ဘက်)မှ  ကုန်သည်များ ဖွင့်သည့် နာမည်ကြီး    ကုန်တိုက်တစ်ခုဖြစ်သောအဆောက်အအုံကြီးကို စနစ်တကျပြင်ဆင်ပြီး သင့်လျော်သည့် အသုံးပြုမှုနှင့် အပြင်အဆင်များ ဖြစ်လာစေရန် ရန်ကုန်မြို့ပြ အမွေအနှစ်  ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က  ပါဝင်ကူညီလျက် ရှိကြောင်း  သိရသည်။

ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းမှုများနှင့် ပတ်သက်၍ အမွေအနှစ် ချစ်သူများအနေဖြင့်     အမွေအနှစ် အဆောက်အအုံများ ပြန်လည်ပြင်ဆင်သည့် စီမံကိန်းများတွင် ကိုယ်တိုင်ပါဝင် ကူညီလိုပါက ပါဝင်ဆောင်ရွက်နိုင်ကြောင်း  သိရသည်။

ပါဝင်ကူညီပံ့ပိုးလိုသူများ အနေဖြင့် အမွေအနှစ် အဆောက်အအုံများ   ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်  (Building Rescue Program) ကို  ရွေးချယ်ကာ KBZPay    မှတစ်ဆင့်   လှူဒါန်းနိုင်ကြောင်း သိရသည်။