“ကမ္ဘာမှာ မြန်မာဟေ့လို့ဂုဏ်ယူရလောက်ပါတယ်၊ ကျောက်စာတော်တွေကလည်း နောင်လာ နောက်သားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါလို့ပြောကြားလိုပါတယ်”

“ကမ္ဘာမှာ မြန်မာဟေ့လို့ဂုဏ်ယူရလောက်ပါတယ်၊ ကျောက်စာတော်တွေကလည်း နောင်လာ နောက်သားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါလို့ပြောကြားလိုပါတယ်”

ပြည်ထောင်စုနယ်မြေ   နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   ရဟန်းရှင်လူဘုရားဖူး ပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော် နိုင်ရန် သြဂုတ် ၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ  နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိရာ ယနေ့ သြဂုတ် ၂၀ ရက်တွင်လည်း  ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရဟန်းရှင်လူပြည်သူများ တဖွဲဖွဲဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ ဘုရားဖူးရောက်ရှိလာသော မြန်မာနိုင်ငံတစ်ဝန်းမှ မိဘပြည်သူများနှင့် တွေ့ဆုံပြီး ယင်းတို့၏ ရင်တွင်းခံစားရသော စကားသံများ၊ သာဓုအနုမောဒနာခေါ်ဆို သံများကို နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်၍  ပြန်လည်ရေးသားမျှဝေလိုက်ရပါသည်။

ဒေါ်သိလဝတီ(ကျိုက်ထိုမြို့)

မာရဝိဇယဘုရားကြီးကို  လာရောက်ဖူးမြော်တာက ဒါနဲ့ဆိုဒုတိယအကြိမ်လာ ရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဘုရားကြီးက ကြည်နူးစရာအလွန်ကောင်းပါတယ်။ ဗုဒ္ဓဘာသာတွေအတွက်ကတော့ ဘုရားကြီးက ပြုံးပျော်ပြီး  ပြည်သူလူထုကို ကြိုဆိုနေတဲ့ ပုံကိုမြင်ရတော့ဝမ်းလည်းဝမ်းသာမိပါတယ်။

အခုလိုတည်ဆောက်ပေးတဲ့ ဘုရားဒကာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ အခုဆိုတတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ်။ အခုလိုဘုရားကြီးတွေ တည်ဆောက်ပေးတဲ့အတွက် တုနှိုင်းစရာ မရှိလောက်အောင် ကြီးကျယ်ခမ်းနားတဲ့အပြင် နိုင်ငံတကာမှာတောင် ဗုဒ္ဓဘာသာ ဝင်တိုင်းက အလှူအတန်းမှာဖြင့် ကမ္ဘာက အံ့သြသွားစေလောက်ပါတယ်။   ဒါကလည်း ဗုဒ္ဓဘာသာ ဝင်တိုင်းရဲ့ ပြယုဂ်တစ်ခုပါ။ လေးစားလောက်ပါတယ်။ ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ယူရလောက်ပါတယ်၊

ကျောက်စာတော်တွေကလည်း နောင်လာ နောက်သားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါလို့ ပြောကြားလိုပါတယ်။

ဦးကျော့ခိုင်ဦး(မြိတ်မြို့)

ဖူးချင်နေတာတော့ကြာပါပြီ။ သွားရတာလည်း ဝေးတော့မရောက်ဖြစ်ဘူးပေါ့။ အခုတော့မဖူးဘဲ မနေနိုင်တဲ့အတွက် လာရောက်ဖူးမြော်တာပါ။ အခုလိုဖူးမြော်ခွင့်ရလို့လည်း စိတ်ထဲမှာကျေနပ်မိတယ်။ အရင်ကကြားလည်းမကြားဘူး၊ ထင်လည်းထင်မထားမိတာအမှန်ပါ။ အခုတော့ကမ္ဘာမှာဉာဏ်တော် အမြင့်ဆုံးကျောက်ဆစ်ရုပ်တုကို ပထမဆုံးအနေဖြင့် ဖူးမြော်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်   ပိဋကသုံးပုံကျမ်းစာများကို လေ့လာဖတ်ရှုကြည်ညိုနိုင်ပြီး ကျောက်ချပ်များပေါ်၌ ခေတ်မီစက် ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ အင်္ဂလိပ်အက္ခရာ၊ Romanize Language တို့ဖြင့် ကျောက် စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာရုံစေတီတော် အဆူ ၇၂၀ ကိုလည်း တွေ့ မြင်ရတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ဂုဏ်ယူမိပါတယ်။  တည်ဆောက်ပေးတဲ့    တာဝန်ရှိသူတွေနဲ့အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

လာရောက်ဖူးမြော်ခွင့်ရလို့လည်း  ပီတိလည်းဖြစ်မိပါတယ်။ ဘုရားဖူးမလာရောက်နိုင်သေးတဲ့ ပြည်သူတွေအနေဖြင့် အခမဲ့ ရက်တိုးမြှင့် သတ်မှတ်ပေးထားတဲ့အတွက် လာရောက်ဖူးမြော်ကြဖို့ ပြောကြားလိုပါတယ်။

ဦးမြင့်ရင်(ရေတာရှည်မြို့နယ်)

ဘုရားကြီးကို  တီဗွီထဲမှာကြည့်နေရတာကြာပါပြီ။ တအားကိုလာရောက်ဖူးမြော်ချင်နေတာပါ။   အခုတော့ တိုက်တိုက်ဆိုင်ဆိုင်   လာရောက်ဖူးမြော်ခွင့်ရရှိတဲ့အတွက်    ကျေနပ်ပီတိဖြစ်မိတဲ့ အပြင်စိတ်ထဲမှာလည်း ကြည်နူးမိပါတယ်။  အခုလိုဘုရားကြီးသာမက အားလုံးကိုထည်ဝခမ်းနားစွာ ရှေးမူအတိုင်း တည်ဆောက်ထားတာကိုတွေ့ရတော့    ဂုဏ်ယူမိပါတယ်။

လာရောက်ဖူးမြော်ကြပါလို့လည်း ဖိတ်ခေါ်ပါတယ်။     ဘုရားဖူးပြည်သူများအခမဲ့ လာရောက်ဖူးမြော်နိုင်ရန် ရက်သတ်မှတ်တိုးမြှင့်ထားတယ်လို့ကြားပါတယ်။ အခုဆိုလည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာပြည်သူများအနေဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်၊ မော်တော်ဆိုင်ကယ်များပါမကျန်  အမျိုးမျိုးသော ယာဉ်များဖြင့်  ရောက်ရှိလာကြသည်ကိုလည်း တွေ့ရတဲ့အတွက် တည်ဆောက်ပေးတဲ့  တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။   လာရောက်မဖူးမြော်ရသေးတဲ့ အနယ်နယ်အရပ်ရပ်မှ ပြည်သူတွေကိုလည်း အခုလိုအခွင့်အခါ သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံသာမက ကမ္ဘာမှာပါ ထူးခြားကောင်းမွန်စွာ ထုဆစ်ပုံဖော်ထားတဲ့  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက် ဖူးမြော်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

ဒေါ်နွဲ့(ကန်ဦးသပြေလှ၊ ပျဉ်းမနားမြို့နယ်)

ဘုရားကြီးစတင်ဖူးလို့ရတဲ့အချိန်ကစပြီး သုံးခါတောင်လာရောက်ဖူးမြော်ခဲ့တာပါ။ အခုအခေါက်ကတော့ ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ကလေးတွေကို လာရောက်ဖူးစေချင်လို့ လာခဲ့တာပါ။  ကလေးတွေအတွက်ကတော့ မြန်မာနိုင်ငံမှာ  အကြီးဆုံးဘုရားကြီးကို  လာရောက်ဖူးမြော်ခွင့်ရလို့ အရမ်းဝမ်းသာပီတိဖြစ်နေကြပါတယ်။

သူတို့လက်ထက်ရောက်မှ ဖူးမြော်ခွင့်ရတာပါ။

ကျွန်မကတော့ ဒီလိုဘုရားကြီးဖူးမြော်ရမယ်လို့ အိပ်မက်ထဲတောင် မတွေးမိခဲ့ပါဘူး။ အခုလို လက်တွေ့အကောင်အထည်ဖော်ပေးလို့ နိုင်ငံတော်အကြီးအကဲတွေနဲ့ စေတနာအလှူရှင်တွေကို  အများကြီး ကျေးဇူးတင်မိပါတယ်။ ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးကို ထုဆစ်ပုံဖော်တည် ဆောက်နိုင်တဲ့အတွက်  ဗုဒ္ဓဘာသာဝင်တိုင်းက ဂုဏ်ယူမိမှာအမှန်ပါ။ ယနေ့ခေတ် လူငယ်လေးများ လေ့လာနိုင်စေရန်အတွက် ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ဘုရား၊ ကျောင်း၊  ကန်၊  သိမ်၊  ဇရပ်၊  တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာ ဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတို့ကို   စနစ်တကျ တည်ဆောက်ပေးထားတာကို တွေ့ရပါတယ်။ ဒါတွေကလည်း နောင်လူငယ်လေးများ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် သိမှတ်စရာတွေပါ။ အခုဆို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတွေကလည်း စည်ကားစွာဖြင့် လာရောက်ဖူးမြော်နေတာကို တွေ့ရတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။   ။

ကျော်လွင်