(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ နောက်ဆုံးနေ့ မြန်မာပြခန်းများ ဆက်လက်ပြသပြီး စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး

 (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ နောက်ဆုံးနေ့ မြန်မာပြခန်းများ ဆက်လက်ပြသပြီး စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး  သဘောတူညီချက်များကို လက်မှတ်ရေးထိုး

နေပြည်တော်  သြဂုတ်  ၂၀

   တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင်ကျင်းပပြုလုပ်နေသည့် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် မြန်မာနိုင်ငံပြခန်းများ ဆက်လက်ပါဝင် ပြသရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။ 

မြန်မာပြခန်းသို့ လာရောက်ကြသူများကို မြန်မာ့ထုတ်ကုန်များ ဖြစ်သည့် ကော်ဖီ၊ လက်ဖက်စို၊ လက်ဖက်ခြောက်၊ ဆီးဖျော်ရည်နှင့် စားသောက်ကုန်များကို မိတ်ဆက်ကျွေးမွေး၍ ဈေးကွက်ရရှိရေး  ဆောင်ရွက်ခဲ့ကြသည်။ ပြခန်းဆောင်အတွင်း ပြသထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့ခရီးသွား နေရာများကိုလည်း ပြခန်းသို့ လာရောက် သူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှု ကြသည်။ 

ထို့ပြင် ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသော မြန်မာကုမ္ပဏီ/အသင်းအဖွဲ့များ ဖြစ်သည့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ AJ Myanmar? Good Brother Group Co.ç Ltd.? Global Earth Agro and Aqua International Co.,Ltd ယူအိ. တို့သည် ဂုဏ်ထူးဆောင်နိုင်ငံ ပြခန်းဆောင်တွင် တရုတ်နိုင်ငံ  ကူမင်းမြို့၊   ချုံချင့်မြို့နှင့် ကွမ်ရှီးပြည်နယ် သုံးရှင်းမြို့ အခြေစိုက် ကုမ္ပဏီလေးခုတို့နှင့်  ပို့ကုန်/သွင်းကုန် လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေး၊ လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်းများနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။