နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နေပြည်တော်  သြဂုတ်  ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို   ပြန်လည်ဖြေကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားမည့်အကြောင်း အရာများမှာ  နိုင်ငံတော်၏  နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအကြောင်းအရာများဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများကို မိမိက ပြောကြားသွားမည်ဖြစ်ပြီး အများပြည်သူ စိတ်ဝင်စားမည့်    ယနေ့   သတင်းစာရှင်းလင်းပွဲတွင် အဓိကအသိပေးလိုသည့် စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး အဆင့်ရှိသူများနှင့် တာဝန်ရှိသူများကိုယ်တိုင်က  ပြောကြားသွားမည်ဖြစ်ကြောင်း၊  ထို့နောက်  အမေး၊ အဖြေကဏ္ဍဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲနှင့်  သက်ဆိုင်သည့်မေးခွန်းများကိုသာ မေးမြန်းကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မေးခွန်းများနှင့်ပတ်သက်ပြီး ယခုနေရာမှာသာ အတတ်နိုင်ဆုံး ဖြေကြားသွားမည် ဖြစ်ကြောင်း၊  အချို့သောစီးပွားရေးဆိုင်ရာ အချက်အလက်ပိုင်းဆိုင်ရာများ၊ ကိုးကားမှုပိုင်းဆိုင်ရာများ    လိုအပ်ချက်ရှိသည့် မေးခွန်းများကို   ယခုမဖြေကြားနိုင်လျှင်လည်း သီးခြားပြန်လည်ဖြေကြားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ပထမဦးဆုံးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ပြင်ဆင်ဖွဲ့စည်းခဲ့ သည့်အခြေအနေကို ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်၏ ဆောင်ရွက်ရန်ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက် ဆောင်ရွက်ရန် ကျန်ရှိနေသည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်   လုံခြုံရေးကောင်စီက  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို  ၂၀၂၃  ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ထိ  နောက်ထပ်သက်တမ်း(၆)လတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ တာဝန်အပ်နှင်းမှုအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရာတွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏အမိန့်အမှတ် ၅၇/၂၀၂၃ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် (၁၈) ဦးနှင့်  ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်များကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ  ၃  ရက်နေ့တွင်  ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊  ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းပုံ (၃၂)ဦးဖြစ်ကြောင်း၊    ထို့ပြင် ပြည်ထောင်စုနယ်မြေ၊   တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ရှိသည့် အစိုးရအဖွဲ့ အသီးသီးတွင်လည်း လိုအပ်သည့်ပြင်ဆင် ဖွဲ့စည်းမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အစိုးရအဖွဲ့အသီးသီးကို   လိုအပ်သည့် ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်ပတ်သက်ပြီး    လိုအပ်သည့်သုံးသပ် ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအပါအဝင် နယ်ပယ်ကဏ္ဍစုံ သုံးသပ်ဆွေးနွေးပြီးနောက် ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကိုပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း ပြောကြားသည်။

ရှေ့လုပ်ငန်းစဉ်များကိုကြည့်လျှင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ရည်မှန်းချက်ကို တွေ့နိုင်ပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်သည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက်   လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ပြည့်စုံစွာ ကျင်းပနိုင်ရေးဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်တွင်  လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်ဟု သတ်မှတ် ထားပါကြောင်း၊ ရွေးကောက်ပွဲတစ်ရပ်ကျင်းပရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ၊ တိုင်းရင်းသား ပြည်သူအားလုံး ပါဝင်ခွင့်ရရှိရေးသည် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန်တွင်လည်း မဲဆန္ဒရှင်ပြည်သူအားလုံး အကြောက်တရားကင်းကင်း၊ ဖိအားကင်းကင်းနှင့် မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းနှင့်ပါတီကို ရွေးချယ်နိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းအခြေအနေကောင်းများဖြစ်ပေါ်လာစေရေးအတွက်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမဆုံးအချက်တွင် ထည့်သွင်းထားခြင်း ဖြစ်ကြောင်းပြောကြားသည်။

ဒုတိယအချက်တွင်   တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်  အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွား မြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး   ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သတ်မှတ်ထားပါကြောင်း၊  မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်စီးပွားရေးစနစ်နှင့် တည်ရှိခြင်းဖြစ်ကြောင်း၊   ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်အကျုံးဝင်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို   မြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေး  ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားလိုပါကြောင်း ပြောကြားသည်။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရစဉ်ကစပြီး လက်နက်ကိုင်တိုက်ခိုက်မှု အမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုသည်    နောက်ကျကျန်ခဲ့ရပါကြောင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအစရှိသည့်နယ်ပယ်အသီးသီးတွင် နောက်ကျကျန်ရစ်ခြင်းကို အမြန်ဆုံး အဆုံးသတ်နိုင်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခအမြန်ဆုံးပြီးဆုံးပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် အစိုးရအဆက်ဆက်က ကြိုးပမ်းခဲ့ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း၊    တိုင်းပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့သည် NCA လမ်းကြောင်းမှ သွေဖည်ပြီး NCA ကိုပစ်ပယ်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် တိုင်းပြည်ငြိမ်းချမ်းမှုရရှိစေရန် NCA ပါ သဘော တူညီချက်များနှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့်  နိုင်ငံ့တာဝန်ကိုစတင်ရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ  ၃၁  ရက်နေ့အထိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည်  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ (၇)ဖွဲ့၊ လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အဖွဲ့ (၃)ဖွဲ့တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုပေါင်း (၂၂) ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေး မှုတိုင်းတွင်   တက်ရောက်ဆွေးနွေးခဲ့သည့် အဖွဲ့တိုင်း၏ လိုလားချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက် များကိုလည်း  စနစ်တကျ စုစည်းထားရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မပျက် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆွေးနွေးဆောင်ရွက်သွားရမည့် ကိစ္စရပ်များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်  မြန်မာနိုင်ငံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုသည့် စိတ်ဆန္ဒရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် အစဉ်အမြဲ တံခါးဖွင့်ထားပါကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ပြောကြားမှုများ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ၊ လမ်းညွှန်မှုများတွင်လည်း ငြိမ်းချမ်းရေးကို လိုလားသည့်စိတ်အမြဲရှိရန်၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများကို  ဆွေးနွေးရန် အစဉ်အမြဲ တံခါးဖွင့်ထားသည်ကို ထည့်သွင်းပြောကြားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 ယင်းအတွက်လည်း မိမိတို့ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ တတိယအချက်တွင် နိုင်ငံတော်၏   ပကတိအနှစ်သာရ ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိ စေရေးအတွက် NCA ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်  ဆိုသည်ကို ထည့်သွင်းထားရှိပါကြောင်း ပြောကြားသည်။

စတုတ္ထအချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်    ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်   ဆက်လက်ဆောင်ရွက်သွားမည်  နှင့် ပဉ္စမအချက်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏  အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့်  နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော   ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် တို့ကိုလည်း ရှေ့လုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် မိမိအဓိကထားပြောလိုသည်မှာ နံပါတ် ၅ အချက်ဖြစ်ပါကြောင်း၊ ယခင်က ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နံပါတ် ၅ အချက်သည် အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ် ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအားကျင်းပပြီး အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး   ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုရှေ့လုပ်ငန်းစဉ်တွင် မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို ဦးတည်ဆောင်ရွက်ထားသည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ရည်မှန်းချက်သည်   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးသည် အခြေခံအခွင့်အရေးဖြစ်ကြောင်း၊ အသက်အရွယ်အရ ကန့်သတ်မှုပြည့်မြောက်ပြီးသည့် နိုင်ငံသားတိုင်း၊ အခြေခံဥပဒေအရ မဲပေးပိုင်ခွင့်မရှိသူများမှအပ   ပြည်သူ တစ်ရပ်လုံးသည် မိမိ၏ဆန္ဒကိုဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိလိုလားသည့် နိုင်ငံရေးစနစ်ကို ထောက်ခံနိုင်မည်ဖြစ်ကြောင်း၊ မိမိလိုလားသည့် နိုင်ငံရေးပါတီ သို့မဟုတ်  မိမိလိုလားသည့်   ပုဂ္ဂလိကအရွေးချယ်ခံကို ရွေးချယ်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့်   ယင်းအခွင့်အရေး နစ်နာမှု မရှိအောင် မိမိတို့ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နည်းလမ်းကျနမှန်ကန်မှုရှိသည့်   အထွေထွေရွေးကောက်ပွဲသည် အားလုံးခြုံငုံမိသည့်   စကားရပ်ဖြစ်ပါကြောင်း၊ မဲစာရင်းများမှန်ကန်စေရေး၊ မဲရုံများ စနစ်တကျရှိစေရေး၊ မဲပေးရန်အတွက် အခြေအနေဖန်တီးပေးခြင်း  စသည်တို့အားလုံးသည် စနစ်ကျန မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ညီညွတ်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့  အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ထို့နောက် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီး စီးလျှင် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအပေါ် မူတည်ပြီး  နိုင်ငံရေးနှင့် ပတ်သက်သည့် ဦးတည်ချက်များကို ယခင်ချမှတ်ထားသည့် ဦးတည်ချက်များထက်    ပိုမိုကျစ်လျစ်သည့်ဦးတည်ချက်များအဖြစ် ယခုတင်ပြထားသည့်အတိုင်း   ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊   စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် အရေးကြီးသည့်ဦးတည်ချက်များ ချမှတ်ထားခြင်းကို သတိပြုမိစေလိုပါကြောင်း၊ ထို့နောက် စီးပွားရေးဦးတည်ချက် (၃) ရပ်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်၏ဒုတိယအချက်တွင် ဖော်ပြပါရှိသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဆိုသည့်အချက်ကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ စီးပွားရေးဦးတည်ချက်(၃)ရပ်က အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယင်းနောက်  လူမှုရေးဦးတည်ချက် (၃)ရပ်ဖြစ်ပြီး လက်ရှိ အခြေအနေများနှင့် ကိုက်ညီစွာထည့်သွင်းပြင်ဆင်ထားခြင်းရှိပါကြောင်း၊ ထိုအထဲမှ ထူးခြားမှုတစ်ခုအနေဖြင့် လူငယ်ကဏ္ဍသာ ဖြစ်ကြောင်းပြောကြားသည်။

လူမှုရေးဦးတည်ချက်တွင်ပါသည့် နံပါတ်(ဂ) နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏အနာဂတ်သည် လူငယ်များလက်ထဲတွင်ရှိပါကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် မိမိတို့နိုင်ငံ၏တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊   ထို့ကြောင့် လူငယ်များသည် အသိပညာ၊ အတတ်ပညာ၊ မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဗဟုသုတများ  ပြည့်စုံနေရန်လိုပါကြောင်း၊ ယင်းကဲ့သို့ ပြည့်စုံရန်အတွက်   ကာယဗလ၊  ဉာဏဗလ၊ စာရိတ္တဗလ၊  မိတ္တဗလ၊  ဘောဂဗလစသည့် ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊  နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် အချက်များအရ  ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမည်ဆိုလျှင် နိုင်ငံသားတိုင်းပညာတတ်မြောက်နေရန်လိုပါကြောင်း၊ ထို့ကြောင့်  အစိုးရ၏ပညာရေး ရည်မှန်းချက်များကို    ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်နှင့် အခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရန်ဆိုပြီးသတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ အဓိကအနေဖြင့် အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုဦးဆောင်မည့် လူငယ်များအတွက် အလေးထားပြုစု ပျိုးထောင်ပေးလိုသည့်အတွက် ဦးတည်ချက်တစ်ခုအဖြစ် အလေးထား ထည့်သွင်းချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြင်ဆင်သတ်မှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို   အသေးစိတ်ပြန်လေ့လာကြည့်လျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် နိုင်ငံတော်နှင့်ပ ြည်သူလူထုအတွက် ရှေးရှုဆောင်ရွက်နေမှုကို မြင်သာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 ဆက်လက်၍   ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့်  ဆက်စပ်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကို တင်ပြလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ ပထမအချက်၊ စတုတ္ထအချက်နှင့် ပÍ္စမအချက်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများကို   မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး  နိုင်ငံရေးပါတီ စုစုပေါင်း ၃၆ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ပါတီများအနက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ခွင့်ပြုခဲ့သည့်ပါတီအဟောင်း ၃၀ ပါတီနှင့် ပုဒ်မ ၃ အရ ပါတီအသစ်အဖြစ် လျှောက်ထားခဲ့သည့် ၆ ပါတီရှိပါကြောင်း၊ ခွင့်ပြုခဲ့ပြီး ၃၆ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးဆောင်ရွက်မည့်ပါတီ ၇ ပါတီနှင့် ကျန်ပါတီများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် စည်းရုံးဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီများအနက် ကျန်ရှိနေသေးသည့် ပါတီများကိုလည်း လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်ပြီးချိန်တွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြလိုပါကြောင်း၊ သတိပြုသင့်သည့် အချက်များအနေဖြင့် ပထမအချက်က ပါတီဟောင်းများသာမက ပါတီအသစ် ၆ ပါတီ ရှိလာခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၇ ပါတီအထိ ရှိနေခြင်းဖြစ်ကြောင်း၊   တတိယအချက်အနေနှင့် ကျန်ရှိသည့်ပါတီများတွင်လည်း အများစုသည် တိုင်းရင်းသား ပြည်နယ်များတွင် စည်းရုံးဆောင်ရွက်မည့် ပါတီများဖြစ်ခြင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် နိုင်ငံရေးစနစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံး၏ လိုလားချက်၊ တောင်းဆိုချက်များကို ကိုယ်စားပြုဖော်ပြနိုင်မည့် တိုင်းရင်းသားမျိုးစုံပါဝင်သည့် လွှတ်တော်ရပ်ဝန်းတစ်ခုကို ဦးတည်နေသည်ကို သတိပြုမိစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုရေးကဏ္ဍကိုပြောလိုပါကြောင်း၊  မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေး အခြေအနေကို ပြောကြားလိုပါကြောင်း၊ မိမိတို့အနေနှင့် မိုခါမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မည့် အခြေအနေကို မေလ ၄ ရက်တွင် ကနဦးအတည်ပြုခဲ့ပါကြောင်း၊ မေလ ၆ ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီအရေးပေါ်   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး  မုန်တိုင်းနှင့် ပတ်သက်သည့်  အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့်  အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်ကို   ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် အနီရောင်အဆင့် ဒေသများအဖြစ် ၁၃-၅-၂၀၂၃ ရက်နေ့တွင် ကြိုတင်ကြေညာစေခဲ့ပါကြောင်း၊   ပုံမှန်လုပ်ထုံး လုပ်နည်းအရ၊ မိုးလေဝသဆိုင်ရာကြိုတင် သတိပေးရေး လုပ်ငန်းစဉ်အရ မုန်တိုင်းမဝင်မီ ၁၂ နာရီအလိုတွင်  ထုတ်ပြန်ရမှာဖြစ်ကြောင်း၊    သို့သော်  မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် မုန်တိုင်းမဝင်မီ တစ်ရက်ကျော်ကတည်းက ကြိုတင်ကြေညာစေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မုန်တိုင်းတိုက်ခတ်နိုင်သည့် ဒေသအသီးသီးက ပြည်သူများကိုလည်း အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့ပါကြောင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက် မုန်တိုင်းကြောင့်သေဆုံးရသည့်အရေအတွက် နည်းပါးခဲ့ကြောင်း၊ တိုက်ခတ်ခဲ့သည့် မုန်တိုင်း၏အရှိန်က ယခင်နာဂစ်မုန်တိုင်းထက် ပြင်းထန်သည့် မုန်တိုင်းဖြစ်ပါကြောင်း၊ ကြိုတင်သတိပေးမှုကို    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အချိန်ယူပြီး ကြိုတင်ပြင်ဆင်မှု များကြောင့် မိမိတို့၏ ပြည်သူလူထုအပေါ် အလေးထား ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် သေပျောက်မှု၊ တခြားဆုံးရှုံးမှုနည်းပါးခြင်း ဖြစ်ပါကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်း ၇ မြို့နယ်နှင့် ချင်းပြည်နယ်က ၂ မြို့နယ်တို့သည်  ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ တာဝန်ရှိ သူများ၊ တပ်မတော် အကြီးအကဲများသည်  မုန်တိုင်းဒဏ်သင့်ဒေသများသို့ အချိန်နှင့် တစ်ပြေးညီ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ဖြည့်ဆည်း ပေးခဲ့ပါကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူများနှင့်  တပ်မတော်မှ အရာရှိကြီးများကိုလည်း    ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်  အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးအပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အခြေခံပညာကျောင်းများသည် မုန်တိုင်းတိုက်ခတ်ပြီး မကြာမီအချိန်သည် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့် အချိန်ဖြစ်ပါကြောင်း၊ အခြေခံကျောင်းများ အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊   သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စားနပ်ရိက္ခာပြတ်လပ်မှုမရှိရေး၊  ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်ဓာတ်အား   ပြန်လည်ရရှိစေရေး အပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အရှိန်အဟုန်နှင့် ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်  လိုအပ်သည့်လုပ်ငန်းစဉ်မှန်သမျှကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါကြောင်း ပြောကြားသည်။

မုန်တိုင်းတိုက်ခတ်ပြီး   မကြာမီတွင် တစ်နိုင်ငံလုံးအခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင်လည်း ရာနှုန်းပြည့်နီးပါးထိ ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ရှိကာလတွင် အခြေခံပညာနှင့်အဆင့်မြင့် ပညာရေး အဆောက်အအုံများ ပြုပြင်ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို    ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆေးဝန်ထမ်းတပ်ဖွဲ့မှအဖွဲ့များ၊ သူနာပြုများနှင့် အလေးထားဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊   မုန်တိုင်းတိုက်ခတ်မှုအပြီး ထိခိုက်ပျက်စီးခဲ့သည့် ကျန်းမာရေးအဆောက်အအုံများ၏ ၉၄ ရာခိုင်နှုန်းထိ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုသန့်ရှင်းသောသောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ရေလုံလောက်စွာရရှိရေး တို့ကိုလည်း အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီစိုက်ပျိုးနိုင်အောင်  ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

မိုဘိုင်းဆက်သွယ်ရေးစနစ်ကို လက်ရှိကာလတွင် ရာနှုန်းပြည့်ပြင်ဆင်ဆောင် ရွက်ပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား နှင့်ပတ်သက်ပြီး ပို့လွှတ်ရေးအတွက် ဓာတ်အားလိုင်းအားလုံး ပြင်ဆင်ပြီးဖြစ်ကြောင်း၊ မြို့နယ် ၁၇ မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် များအားလုံး ရာနှုန်းပြည့် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊   ပေါက်တော၊  ကျောက်တော်စသည့်မြို့နယ်များ၏ ကျေးလက်ဒေသများ ကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အမြန်ဆုံးပြီးစီးအောင် အလေးထားဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားလိုပါကြောင်း ပြောကြားသည်။

မုန်တိုင်းတိုက်ခတ်မှုပြီးနောက် မုန်တိုင်းဒဏ်သင့်ပြည်သူများကို စာနာထောက်ထားပြီး ကူညီလှူဒါန်းခဲ့မှု အခြေအနေများကို ဆက်လက်ပြောကြားလိုပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာ စသည့် နိုင်ငံများနှင့် AHA Centre မှ စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စသည်ဖြင့် ပေးပို့ လှူဒါန်းခဲ့သည့်အတွက် အဆိုပါနိုင်ငံများနှင့်အဖွဲ့အစည်းများကို အထူးကျေးဇူးတင် ရှိပါကြောင်း ပြောကြားလိုပါကြောင်း၊ ပိုမိုအားကျဖွယ်၊ ချီးကျူးဖွယ် ကောင်းသည်မှာ မိမိတို့မြန်မာနိုင်ငံအတွင်းရှိသည့် ပြည်သူလူထုက   မုန်တိုင်းဒဏ်သင့် ညီအစ်ကို မောင်နှမများ၏ အခက်အခဲကို ပါဝင်ကူညီလှူဒါန်းမှုများ   ပြုလုပ်ခဲ့ကြပါကြောင်း၊ ကိုယ်တိုင်လာရောက်လှူဒါန်းခြင်း၊ သက်ဆိုင်ရာငွေစာရင်းများသို့ ပေးပို့လှူဒါန်းခြင်း၊ မိုဘိုင်းစနစ်ဖြင့် ထည့်ဝင်လှူဒါန်းခြင်းတို့ကိုလည်း  အားတက်သရောပါဝင်ခဲ့ကြ သည့်အတွက် ၂၁-၈-၂၀၂၃ ရက်နေ့အထိ မြန်မာကျပ်ငွေ ၃၃ ဘီလီယံကျော်နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ   ခုနစ်သိန်းငါးသောင်းကျော် လက်ခံရရှိခဲ့ပါကြောင်း၊ တင်ပြခဲ့သည့်စာရင်းတွင် မပါဝင်ဘဲ Volunteer အနေနှင့် လာရောက်၊ သွားရောက်လှူဒါန်းမှုများလည်း အများအပြားရှိခဲ့ပါကြောင်း၊ တိုင်းရင်းသား ညီနောင်များ၏ဒုက္ခကို    စုပေါင်းညီညွတ်သည့်အား၊ ကူညီဖြည့်ဆည်းပေးလိုသည့် သဒ္ဓါတရားတို့တွင် မိမိတို့မြန်မာများ၏ မြင့်မြတ်သည့်စိတ်ကို ပြသခဲ့ခြင်းဖြစ်ကြောင်းနှင့် Volunteer များ၊   လှူဒါန်း ခဲ့သူများကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr.Martin Griffiths ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများကို ပြောကြားလိုပါကြောင်း၊ ယခုလ ၁၅ ရက်နေ့တွင် နိုင်ငံ့အကြီးအကဲနှင့်  တွေ့ဆုံခဲ့ပါကြောင်း၊ တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊   ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   နိုင်ငံတော်တာဝန်များကို    ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ပြည်သူများလိုလားနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာနှင့် ဆက်လက်လျှောက်လှမ်းနိုင်ရန် ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်နေမှုများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် လိုအပ်ချက်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့်ပတ်သက်ပြီး သတင်းမှား များပျံ့နှံ့နေမှုနှင့်  အခြေအနေမှန်များကို နိုင်ငံတကာကသိရှိရန် လိုအပ်သည့် ခြေအနေများ၊  လူသားချင်း စာနာထောက် ထားမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များတွင်   ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါကြောင်း ပြောကြားသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အကြီးအကဲနှင့် တွေ့ဆုံခဲ့သည့်အပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)    ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊   ထို့ပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်   တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများတွင် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများကို  ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးမှု အခြေအနေ၊ မိတ်ဆွေနိုင်ငံများအပါအဝင်  (UNOCHA)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေနှင့်  လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး    အသေးစိတ်အကျယ်တဝင့် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို ရယူနိုင်ခဲ့သည့် အောင်မြင်သည့် ခရီးစဉ် တစ်ခုဖြစ်ကြောင်းထည့်သွင်း ပြောကြားလိုပါကြောင်း ပြောကြားသည်။

မိမိအနေဖြင့်   ဆွေးနွေးပြောကြားလိုသည်မှာ ယခုလောက်သာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်သူလူထု စိတ်ဝင်စားနေသည့် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကို   သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများမှ   ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍     မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာလင်းအောင်က မိမိအနေဖြင့်   ငွေရေးကြေးရေး ကဏ္ဍတည်ငြိမ်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အဓိက ရည်မှန်းချက်ဖြစ်သော ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရေးနှင့် နိုင်ငံတော်၏ စီးပွား ရေးတိုးတက်မှုနှုန်း ရည်မှန်းချက်ရရှိစေရေး ဆောင်ရွက်ရာတွင် အတိုးနှုန်းမူဝါဒချမှတ်ခြင်း၊ အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးသတ်မှတ်ခြင်းနှင့်   လွတ်လပ်သော ဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက်များ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍    အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခဲ့ရာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်   ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်း   လျှော့ချနိုင်ရေးအတွက် အတိုးနှုန်းမြှင့်တင်မှုများ ၂၀၂၂ ခုနှစ်မေလမှစတင်၍     ဆောင်ရွက်ခဲ့ကြောင်း၊ အတိုးနှုန်းမြှင့်တင်ခြင်းမပြုဘဲ ဖြေလျှော့ဆောင်ရွက်သည့် နိုင်ငံများလည်း ရှိကြောင်း၊ ဥပမာ- တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဘရာဇီး၊ ရုရှား စသည့်နိုင်ငံများတွင် အတိုးနှုန်းကို မမြှင့်တင်ဘဲ  လျှော့ချခဲ့သည်ကို တွေ့ရကြောင်း ပြောကြားသည်။

မိမိတို့မြန်မာနိုင်ငံ၌လည်း   ငွေကြေးဖောင်းပွမှုနှုန်းများ   အထိုက်အလျောက် မြင့်တက်လျက်ရှိကြောင်း၊ ထိုသို့မြင့်တက်ရခြင်းမှာ လုပ်ခလစာမြင့်တက်ခြင်း၊ ငွေကြေး ပမာဏမြင့်တက်ခြင်းနှင့် ဝယ်လိုအား မြင့်တက်မှုများကြောင့် မဟုတ်ဘဲ သွင်းကုန် တန်ဖိုးတွက်ချက်ရာတွင် တန်ဖိုးသင့်သည့် ငွေလဲလှယ်နှုန်းများ မြင့်တက်မှုကြောင့် သွင်းကုန်တန်ဖိုးများ  မြင့်တက်ခြင်းဖြစ်ကြောင်း၊  ကုန်သွယ်မှုလိုငွေမြင့်မားခြင်း ကြောင့်    နိုင်ငံခြားငွေလိုအပ်ချက်များ များပြားလာရာမှတစ်ဆင့် ငွေလဲလှယ်နှုန်းများ မြင့်တက်လာခြင်းကြောင့်  ကုန်စည်ဈေးနှုန်းများမြင့်တက်လာရကြောင်း၊ စားသုံးသူဈေးဆနှုန်းကိန်း (Consumer Price Index)   မြင့်တက် လာခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချရာတွင် အတိုးနှုန်းမြှင့်တင်သော နည်းလမ်းကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံအနေဖြင့်  မေခရိုစီးပွားရေးအခြေခံ အားနည်းသည့်အတွက် နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်မှုကို  ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်  အတိုးနှုန်းမြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ထိုနည်းတူစွာ စီးပွားရေးတိုးတက်မှုကို တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်သောကြောင့် အတိုးနှုန်းမြှင့်တင်ခြင်းကို   ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ သို့သော်လည်း    နိုင်ငံ၏စီးပွားရေး တိုးတက်မှု မေခရိုစီးပွားရေး အခြေအနေအပေါ်မူတည်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုပြီး   အတိုးနှုန်းပြင်ဆင်ခြင်းကို လိုအပ်သလို ဆောင်ရွက်သွားရန်ရှိကြောင်း ပြောကြားသည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ငွေကြေးအခြေအနေမှာ ၂၀၂၂ ခုနှစ်  အောက်တိုဘာလ နောက်ပိုင်းတွင် ကောင်းမွန်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်နိုင်ရန် ဘဏ်များတွင် မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေအချိုးသတ်မှတ်ချက် ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းကို   တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် ယင်းကိစ္စကိုဆောင်ရွက်ခဲ့ပြီး တစ်ဖက်တွင်လည်း ဘဏ်များ၏လုပ်သာကိုင်သာရှိစေရန် ဘဏ်များအနေဖြင့် ဗဟိုဘဏ်တွင်ထားရှိသည့် စာရင်းရှင်အပ်ငွေစာရင်းများရှိကြောင်း၊ စာရင်းရှင်အပ်ငွေများထားရှိရမည့်   အနည်းဆုံးသီးသန့်ငွေအချိုး သတ်မှတ်ချက်ထက် ကျော်လွန်သော ပိုလျှံသီးသန့်ငွေအပေါ်   အတိုးပေးခြင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊   လက်ရှိတွင် ဘဏ်များ၏ ငွေကြေးလည်ပတ်မှု အခြေအနေ ကောင်းမွန်ပြီး ငွေထုတ်သူများအား ကန့်သတ်ချက်များဖြေလျှော့ပြီး လက်ရှိတွင် ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။

ထို့ပြင်   လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုမှတစ်ဆင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်းမဖြစ်ပေါ်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသော သွင်းကုန်လုပ်ငန်းရှင်များ၏  နိုင်ငံခြားငွေလိုအပ်ချက်များကို အထိုက်အလျောက်ဖြည့်ဆည်းပေးနိုင်ရန် ပို့ကုန်ရငွေများ၏ ၅၀ ရာခိုင်နှုန်းရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်   ပြန်လည်ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ သွင်းကုန်တန်ဖိုးကြီးမြင့်မှုမှတစ်ဆင့် ငွေကြေးဖောင်းပွနှုန်းမြင့်တက်ခြင်း မဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး  သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များကို သက်သာသောငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူနိုင်စေရန်၊ ဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝယ်ယူသူများအကြား Matching ပြုလုပ်ပေးသော Online Trading စနစ်တစ်ရပ်ကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ၂၂-၆-၂၀၂၃ ရက်နေ့မှ စတင်ဆောင် ရွက်လျက်ရှိကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင်   မျှတမှန်ကန်သည့်ရောင်းဝယ်မှု ဖြစ်စေရန် Criteria များသတ်မှတ် ပေးထားကြောင်း၊ Criteria များအရ  စိစစ်ပြီး အရောင်းအဝယ်ပြုရမည့်  ကုမ္ပဏီများ၊  အရောင်းအဝယ်ပြုရမည့် ပမာဏ၊ ငွေလဲ လှယ်နှုန်းအစရှိသည်တို့ကို ဗဟိုဘဏ်နှင့်ဘဏ်များညှိနှိုင်းပြီး ဆုံးဖြတ်ပေးလျက်ရှိ ကြောင်း၊ Exporter နှင့် နိုင်ငံခြားငွေဖြင့် ဝင်ငွေရရှိသူများမှ    ဝင်ရောက်ရောင်းချ နိုင်ပြီး  Importer များနှင့် Non-Trade အတွက် ပြည်ပကို နိုင်ငံခြားငွေလွှဲပြောင်း ရန်ရှိသူများမှ ဝင်ရောက်ဝယ်ယူနိုင်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လိုင်စင်ချထားပေးပြီးဖြစ်သော ကုန်စည်တင်သွင်းသူများအနေဖြင့် ပြည်ပသို့ငွေပေးချေရာတွင် လိုအပ်သော နိုင်ငံခြားငွေဝယ်ယူရရှိရေးအတွက် ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟို ဘဏ်အနေဖြင့် စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းများအား အမေရိကန်ဒေါ်လာ ရောင်းချပေးခြင်း၊  Back to Back SWAP Facility အသုံးပြုပြီးမှ     အမေရိကန် ဒေါ်လာလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းများဆောင်ရွက်ပေးကြောင်း၊ တစ်နည်းအားဖြင့် ငွေလဲနှုန်းတည်ငြိမ်ရေးကို လိုအပ်သလို ဆောင်ရွက်ပြီး ထိန်းကျောင်းပေးလျက်ရှိကြောင်း ပြောကြားသည်။

 ငွေလဲလှယ်နှုန်းများတည်ငြိမ်စေရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း၊ ထိုအထဲမှအချို့ကို ကောက်နုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ငွေပေးချေ

မှုများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဈေးနှုန်းသတ်မှတ်ရာတွင်လည်းကောင်း၊ မြန်မာကျပ်ငွေကိုသာ သုံးစွဲရန်ဖြစ်ကြောင်းကို လက်အောက်ခံအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊   စည်ပင်သာယာရေး ကော်မတီများမှတစ်ဆင့် မိမိတို့အနေဖြင့် အကြောင်းကြားထားကြောင်း၊ နိုင်ငံခြားငွေသားများကိုမလိုအပ်ဘဲ   ကိုင်ဆောင်ထားခြင်း မရှိစေရေးအတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့်    စည်းမျဉ်းများဖြင့် ကန့်သတ်ထားပြီး ပြည်တွင်း၌ နေထိုင်သူများအနေဖြင့်  တရားဝင်နည်းလမ်းမှရရှိသော အမေရိကန်ဒေါ်လာတစ်သောင်းအထိ သို့မဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသောနိုင်ငံခြားငွေကို  လက်ခံရရှိသည့်နေ့မှ ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ပြုထားပြီး  ခြောက်လထက်ကျော်သည်အထိ အသုံးမပြုပါက နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိသူများထံတွင်   ဈေးကွက်ပေါက်ဈေးဖြင့်    ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းများသို့ ထည့်သွင်းခြင်းကို ဆောင်ရွက်ရန်သတ်မှတ်ချက်များ ထုတ်ပြန်ထားကြောင်း၊ နောက်တစ်ခုမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက် နှင့်အညီ AD လိုင်စင်ရ ဘဏ်များမှဖွင့်လှစ် ထားသည့် Money Changer ကောင်တာ များရှိကြောင်း၊ ယင်းကောင်တာများတွင်လည်း ပြည်ပကိုသွားရောက် အလုပ်လုပ်ကိုင်သူများ၊ ဆေးကုသရန်သွားရောက်မည့်သူများ၊ ပညာတော်သင် သွားရောက်မည့်သူများကို သေးသုံးနိုင်ငံခြားငွေသား ရောင်းချပေးမည့် အစီအစဉ်များကိုလည်း မိမိတို့အနေဖြင့် ၃၁-၅-၂၀၂၃ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဘုရားဖူးသွားမည့်သူများ၊ ပြည်ပနိုင်ငံအစိုးရအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်မည့် သူများကိုလည်း ၁၈-၈-၂၀၂၃ ရက်နေ့မှစ၍ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်   ဖွင့်လှစ်ထားသည့် AD လိုင်စင်ရ ဘဏ်များ၏ Money Changer ကောင်တာများတွင် တစ်ဦးလျှင် နိုင်ငံခြားငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ အထိဝယ်ယူနိုင်ရေး စီစဉ်ပေးထားကြောင်း၊ နောက်တစ်ချက်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာကတ်များဖြစ်သော Visa Card ၊ Master Card၊ JCB ၊ UPI ကတ်ထုတ်ဝေခြင်း၊ ကတ်လက်ခံခြင်း လုပ်ငန်းများဆောင်ရွက်ရန် ဘဏ်များသို့ ခွင့်ပြုပြီးဖြစ်ကြောင်း၊ ပြည်ပ

သို့သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း Retail ငွေပေးချေမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံပြင်ပတွင် အသုံးပြုသူများ အဆင်ပြေစေရန် ကတ်အသုံးပြုခြင်းကို ခွင့်ပြုထားကြောင်း၊ ထို့ပြင် ကတ်အသုံးပြုခြင်းနှင့် စပ်လျဉ်း၍  နိုင်ငံခြားငွေပေးချေသေ USD Inflow နှင့် Outflow ထိန်းညှိနိုင်ရန်ကိစ္စ၊ နိုင်ငံခြားငွေ Outflow များလျှော့ချ နိုင်ရေးအတွက်   ပြည်တွင်းဘဏ်များမှ ထုတ်ဝေထားသော International Credit Card များ၏ ပြည်တွင်းအသုံးပြုမှုကို မြန်မာကျပ်ငွေဖြင့် CBM-NET မှတစ်ဆင့် စာရင်းရှင်းလင်းမှု ပြုလုပ်ပေးရန်ညွှန်ကြားထားကြောင်း၊   ဗီဇာကတ်အသုံးပြုမှုအတွက်  ပေးချေမှုကို ယခင်က Nostro တွင်သာ  စာရင်းရှင်းလင်းခဲ့သော်လည်း ၁၅-၈-၂၀၂၃ ရက်နေ့မှစပြီး  AD လိုင်စင်ရပြည်တွင်းဘဏ်တစ်ခုတွင် Local Settlement Bank အဖြစ်သတ်မှတ်ပေးပြီး ဆောင်ရွက်ကာ CBM-NET မှတစ်ဆင့် စာရင်းရှင်းလင်းဆောင်ရွက် ခွင့်ပြုခဲ့ခြင်းများရှိကြောင်း ပြောကြားသည်။

အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို လျှော့ချနိုင်ရေးအတွက် နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန် ကုန်သွယ်မှုတွင်ပါ ယွမ်နှင့်ဘတ်တို့ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု  ပိုမိုလွယ်ကူစေရန်   နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေစီးဝင်မှု   စီးထွက်မှု အခြေအနေများကို အမြဲလေ့လာ ဆန်းစစ်ပြီး ဈေးကွက်လိုလားချက်အရ ဖြစ်သင့်သည့် ငွေလဲလှယ်နှုန်းကိုလည်း    အမြဲတမ်းစိစစ် သုံးသပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နိုင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်နေ သည့်တိုင်အောင် ပြည်ပတွင် ဈေးနှုန်းများမြင့်တက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့မြင့်မား နေရခြင်းသည် ကုန်သွယ်မှုနှင့်ပတ်သက်သော   မှောင်ခိုရောင်းဝယ်မှုများ၊ တရားမဝင်တင်ပို့မှုများကြောင့် ဖြစ်ကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက် သောနိုင်ငံခြားငွေလဲလှယ်နှုန်းမဟုတ်ဘဲ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ရည်ရွယ်၍ ဈေးကစားနေခြင်းကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်မှုများပပျောက်ရေး၊    ပို့ငွေရငွေများ သတ်မှတ်ချက်နှင့်အညီ ပြန်လည်ဝင်ရောက်ရေး၊ တရားမဝင်ကုန်သွယ်မှုများ တားဆီးရေး၊ Online Market Rate ဖြင့် Importer အမည်ခံပြီး နိုင်ငံခြားငွေဝယ်ယူ၍ တခြားသူများကို  တရားမဝင်ဈေးဖြင့်ညှိနှိုင်းပြီး ရောင်းချခြင်းမျိုးများ မဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

 ထို့ပြင်  ကုန်သွယ်မှုလိုငွေများလျှော့ချနိုင်မှု သွင်းကုန်များကို ကန့်သတ်ခြင်း၊ သွင်းကုန်အစားထိုးပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက်   အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက်   သက်သာသော ချေးငွေများရရှိစေရန် ဆောင်ရွက်ပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်  တိုင်းပြည်စီးပွားရေး တိုးတက်မှု အခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ငွေကြေးပမာဏ၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးအခြေအနေများကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်ရေး၊ ငွေကြေးတည်ငြိမ်ရေး၊   ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးတို့ကို ချိန်ဆဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် အသိပေး ပြောကြားလိုသည်မှာ ပြည်သူများအနေဖြင့် လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဖြစ်ပေါ်နေသော ကောလာဟလသတင်းများအပေါ် စိုးရိမ်ပူပန်မှုများ မဖြစ်ကြရန်နှင့် အခြေအမြစ်မရှိသော သတင်းများကို မယုံကြည်ကြရန်၊ အခြေအမြစ်မရှိသည့် မမှန်သတင်း ထုတ်ပြန်ခြင်းများကို သတိပြုကြရန်လိုအပ်ကြောင်း ပြောကြားသည်။

             ဆက်လက်ဖော်ပြပါမည်။