ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၃၀၀၀ ဈေးဖြင့် ရောင်းချရ၍ တောင်သူများ အကျိုးအမြတ်ရရှိ

ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၃၀၀၀ ဈေးဖြင့် ရောင်းချရ၍ တောင်သူများ အကျိုးအမြတ်ရရှိ

    မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ ယခုနှစ်တွင် ကြက်သွန်နီ စိုက်ပျိုးတောင်သူများ အနေဖြင့် ကြက်သွန်များ အောင်မြင်ဖြစ်ထွန်းပြီး   ရောင်းချရာတွင်လည်း ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀  ဈေးဖြင့်ရောင်းချနေရ၍  သီးနှံဝင်ငွေ အကျိုးအမြတ် ရရှိကာ  လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း သိရသည်။ 

“ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို   စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။  စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက်   အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။   ကြက်သွန်နီ  တစ်ဧကကို အနည်းဆုံး ပိဿာချိန် ၃၀၀၀ မှ ၄၀၀၀ အထိထွက်ရှိပါတယ်။ ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီစိုက်ပျိုးရေး လုပ်ငန်းကို မိုးရာသီနဲ့ဆောင်းရာသီမှာ အများဆုံး စိုက်ပျိုးကြပါတယ်။ ယခုလက်ရှိမှာ ကြက်သွန်နီဈေးက တစ်ပိဿာကို   ငွေကျပ် ၃၀၀၀ ဈေးနဲ့ ရောင်းနေရတော့ ကြက်သွန်နီစိုက်ပျိုးတဲ့ တောင်သူတွေ စီးပွားရေး တွက်ခြေကိုက်တယ်”ဟု ပွင့်ဖြူမြို့နယ်   အနောက်လေးအိမ် ကျေးရွာမှ  ဒေသခံတောင်သူ ဦးခင်မောင်ဇော်က ပြောသည်။   

ပွင့်ဖြူမြို့နယ်၌   ကြက်သွန်နီစိုက်ပျိုးရေး လုပ်ငန်းကို မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာနှင့် မုန်းချောင်း ဘေးတစ်လျှောက်ရှိ  ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း  သိရသည်။