နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

ယမန်နေ့မှအဆက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် မိမိအနေဖြင့် အပိုင်းနှစ်ပိုင်းရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊   ပထမပိုင်းအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဓိကတာဝန်ယူ ဆောင်ရွက်နေသည့် ပြည်ပပို့ကုန်၊   သွင်းကုန်နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်အပိုင်းများ၊ ဒုတိယဝန်ကြီးများ ရှင်းလင်းခဲ့သည့် ကုန်စည်ဈေးနှုန်းနှင့် ပတ်သက်သည့် အပိုင်းများကိုလည်း  ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက်(၃)ရပ်ကိုလည်း ပြောကြားသွားပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အဓိကပို့ကုန်၊   သွင်းကုန်ကိစ္စဆောင်ရွက်သည့်အခါ အဓိကပို့ကုန်ပိုင်းမှာ မြန်မာနိုင်ငံက  လယ်ယာစိုက်ပျိုးရေးကို အခြေခံထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ပို့ကုန်နှင့်ပတ်သက်သည့်   မူဝါဒသည် ပြည်တွင်း၌ဖူလုံပြီး ပိုလျှံလျှင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန်လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိအနေအထားမှာ ရှေ့တွင် ဆွေးနွေးခဲ့သကဲ့သို့ လက်ရှိသုံးစွဲနေသည့် ဒေါ်လာငွေသုံးစွဲမှုကို လျှော့ချပြီး အခြားအိမ်နီးချင်း နိုင်ငံများနှင့် မိမိတို့နိုင်ငံ၏ငွေကြေးများကိုသုံးစွဲပြီး ကုန်သွယ်မှုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဗဟိုဘဏ်၊ FESC ကော်မတီတို့ကဆောင်ရွက်ထားကြကြောင်း၊ ၎င်းအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း လိုက်ပါဆောင်ရွက်နေသည့်   အခြေအနေများရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် သုံးစွဲသည့် မြန်မာကျပ်ငွေဘဏ်စနစ်ကို သုံးစွဲရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဘဏ်စနစ်ကိုသုံးစွဲပြီး     ကုန်သွယ်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  နိုင်ငံတော်၏မူဝါဒဖြစ်ခြင်းကြောင့် ဘဏ်စနစ်ကို ဆောင်ရွက်သည့်အခါ ဘတ်နှင့်ကျပ်ငွေ  ဆောင်ရွက်ရန်ကိစ္စကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက  သတင်းလွှာထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံက ပို့ကုန်တင်ပို့သည့်ငွေများ၊ အခြားရငွေဖြစ်သည့်  နိုင်ငံခြားသို့သွားရောက် လုပ်ကိုင်သည့်သူများလည်း ရှိသည့်အတွက် ထိုငွေနှင့်ရသည့်ငွေများကို ဘဏ်ထဲသို့ သတ်မှတ်သည့်  လုပ်ထုံးလုပ်နည်းစနစ်များနှင့် ထည့်သွင်းဆောင်ရွက်ရကြောင်း၊ ဘဏ်ထဲရောက်နေသည့် ဘတ်ကို သွင်းကုန်ဆောင်ရွက်သည့်အခါ ဘဏ်စနစ်ကိုသုံးပြီးဆောင် ရွက်ရန် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ခြင်းရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုများဆောင်ရွက်သည့်အခါ ယွမ်နှင့်ကျပ်ငွေကို ဘဏ်စနစ်သုံးပြီး ဆောင်ရွက်နိုင်ရန် သတင်းလွှာထုတ်ပြန်ခဲ့ခြင်းရှိကြောင်း၊ ယင်းသတင်းလွှာထုတ်ပြန်ပြီး ရရှိသည့်ငွေကြေးယွမ်ကို သတ်မှတ်သည့် ဘဏ်များ၌ ဘဏ်ကိုအသုံးပြုပြီး သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရန် လုပ်ဆောင် ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့်ကာလတွင် ပို့ကုန်နှင့်ပတ်သက်ပြီး မိမိတို့က ပို့ကုန်များများ တင်ပို့နိုင်ရန်နှင့် ပို့ကုန်တင်ပို့နိုင်မှသာလျှင် ထိုပို့ကုန်မှ   ရငွေဖြင့် သွင်းကုန်များကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပို့ကုန်များကို တိုးမြှင့်တင်ပို့နိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးအလေးပေး ဆောင်ရွက်ထားကြောင်း ပြောကြားသည်။

နယ်စပ်ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်သည့်လုပ်ငန်းများတွင် ယခင်က ပို့ကုန်ရငွေ MFTB ကို သက်ဆိုင်ရာငွေကြေးနှင့် ပို့ကုန်ရငွေရရှိပြီးမှသာ ပို့ကုန်ခွင့်ပြုခြင်းကို ဆောင်ရွက်ပါကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များ   ပိုပြီးလွယ်ကူချောမွေ့စေရန်အတွက် ထိုငွေအစားကို မြန်မာကျပ်ငွေနှင့် သက်ဆိုင်ရာ ဘဏ်ထဲရှိ ၎င်းတို့၏ မြန်မာကျပ်ငွေရှိထားသည်ဆိုလျှင် မြန်မာကျပ်ငွေ Deposit ထားလျှင် Deposit အပေါ်မူတည်ပြီး  တင်သွင်းမည့်ပစ္စည်းများကို မိမိတို့အနေဖြင့်ခွင့်ပြုပြီး ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကြောင့်   ပို့ကုန်လုပ်ငန်းပိုင်းတွင် ပိုပြီးလျင်မြန်ချောမွေ့စေရေးကို အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်ခဲ့ခြင်းရှိကြောင်း၊ ထို့အတူ မြဝတီလမ်းကြောင်းတွင် မြေပြိုကျမှုဖြစ်ပြီး လမ်းကြောင်းဆက်သွယ်မှု ပြတ်တောက်သွားကြောင်း၊ လမ်းကြောင်းပြတ်တောက်သွားသည့်အတွက် ထိုင်းနိုင်ငံကို တင်ပို့သည့် ပို့ကုန်များအပြင် အခြားနိုင်ငံများသို့တင်ပို့နေသည့်  ကုန်ပစ္စည်းများ ရပ်တန့်မှုမရှိစေရေးအတွက်   အချိန်နှင့်တစ်ပြေးညီ မြဝတီပို့ကုန်လိုင်စင်ယူထားသည်ဆိုလျှင် မြဝတီလမ်းကြောင်းမှ မပို့နိုင်တော့ဘူးဆိုလျှင် အခြားလမ်းကြောင်း၊ ပင်လယ်ရေကြောင်းမှဖြစ်စေ အခြားစခန်းများမှ တင်ပို့နိုင်ရန်အတွက် သတင်းလွှာကို အချိန်မီထုတ်ပြန်၍   သက်ဆိုင်ရာလုပ်ငန်းရှင်များကို အသိပေးပြီး ပို့ကုန်တင်ပို့နိုင်ရေး လုပ်ငန်းစဉ်များကို  ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ သွင်းကုန်ပိုင်းတွင် အဓိကသွင်းကုန်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် သွင်းကုန် ကုန်ကြမ်းအဖြစ် တင်သွင်းကာ ကုန်ချောထုတ်နိုင်မည့် လုပ်ငန်းများကို သွင်းကုန်လိုင်စင်များ ပိုမိုဆောင်ရွက်ပေးခြင်းရှိကြောင်း၊    သွင်းကုန်အစားထိုးကုန်ကြမ်းတင်သွင်းပြီး ထုတ်လုပ်ကြောင်း၊ ထုတ်လုပ်လိုက်သည့်ပစ္စည်းက ပြည်ပမှ တင်သွင်းသည့် ကုန်ချောများကို အစားထိုးနိုင်ရန်အတွက် သွင်းကုန်မူဝါဒနှင့်အညီ ဆောင်ရွက်ပေး နေကြောင်း၊ MSME ၏ထုတ်လုပ်သည့် ကုန်ပစ္စည်းများမှာ ပြည်ပမှ မဖြစ်မနေတင်သွင်းရသည့် ကုန်ပစ္စည်းများရှိကြောင်း၊  ဥပမာ- သွင်းအားစုကဲ့သို့ ဓာတ်မြေသြဇာမှစပြီး စက်မှုကုန်ကြမ်းပစ္စည်း စသည်တို့ကို သွင်းကုန်အနေဖြင့် ဆောင်ရွက်ပေးရန်ကိစ္စများကို  လွယ်ကူချောမွေ့အောင်လုပ်ပြီး ဆောင်ရွက်ပေးသည့် အပိုင်းများရှိကြောင်း   ပြောကြားသည်။

ဒုတိယအပိုင်းအနေဖြင့်   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပကုန်သွယ်ရေးတင်မက ပြည်တွင်းကုန်သွယ်ရေးကိစ္စ ဆောင်ရွက်သည့်အခါ တက်ရောက်လာသည့် သတင်းမီဒီယာများ စိတ်ဝင်စားမည့် ကုန်ဈေးနှုန်းကိစ္စများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်နေသည့် အပိုင်းများ ကိုလည်း   ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊   ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၏ အဓိကအခြေခံ အကြောင်းတရားများကို ကြည့်မည်ဆိုလျှင် ကုန်စည်ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်း၊ သွင်းအားစု ဈေးကြီးမြင့်ခြင်းကြောင့် ကုန်ထုတ်လုပ်မှုဈေးမြင့်ခြင်း၊   ဝိသမလောဘသားများက မမှန်မကန်ကောလာဟလ သတင်းများ ထုတ်လွှင့်ပြီး ဈေးကစားခြင်းတို့ကြောင့်   ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိခြင်းဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအများစုသည် ဝိသမလောဘသားများ၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်ကို အဓိကတွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဈေးကစားနေသူများကို ထိထိရောက်ရောက်အရေးယူရန်   ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အတူ   အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်မှု   မဖြစ်ပေါ်စေရန်နှင့် ကုန်ပစ္စည်းပြတ်လပ်မှုများ မရှိစေရေးအတွက် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းထားကြောင်း၊ မူလတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရက လုပ်ငန်းစဉ်များကို ပိုမိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်ပြီး ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌လည်း  ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီများပြင်ဆင်ဖွဲ့စည်းပြီး စားနပ်ရိက္ခာပြည့်ပြည့်၀၀ ထုတ်လုပ်နိုင်ရန် ထိထိရောက်ရောက် ကူညီပံ့ပိုးဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီအနေဖြင့် ဒေသအသီးသီးတွင် ဖြစ်ပေါ်နေသည့်   ကုန်ဈေးနှုန်းများကို  နေ့စဉ်စိစစ်ပြီး လိုအပ်သည့် ထိန်းကျောင်းမှုများကို စီမံဆောင်ရွက်နေကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည်   စိုက်ပျိုးရေးကိုအခြေခံသည့်   နိုင်ငံဖြစ်သည့်အတွက် အဓိကဆန်စပါးအပါအဝင် ပဲ၊ ပြောင်း၊ နှမ်း  အစရှိသည့် လယ်ယာထွက်ကုန်သီးနှံများထွက်ရှိမှုသည် လက်ရှိပြည်တွင်းစားသုံးမှု လုံလောက်သည့်အပြင် ပြည်ပကို တင်ပို့ရောင်းချနိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန်မူဝါဒအရ သွင်းအားစုများနှင့်ပတ်သက်ပြီး နိုင်ငံတော်မှစိုက်ပျိုးထုတ်လုပ်မှုကို   အားပေးသည့်အနေဖြင့် သွင်းအားစု များကို ခွင့်ပြုဆောင်ရွက်နေခြင်းများ ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ယခင်နှစ်တွင် ဓာတ်မြေသြဇာ အမျိုးမျိုးတင်သွင်းခြင်းကို   တန်ချိန် ၃ သိန်းကျော်ခန့်တင်သွင်းခဲ့ကြောင်း၊ ယခုနှစ်တွင် ၆ သိန်းခန့်(၂ ဆနီးပါး)တင်သွင်းပြီး လယ်ယာထွက်ကုန်သွင်းအားစုအတွက် လုံလောက်အောင်  ပံ့ပိုးပေးနေသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း ပြောကြားသည်။

အထူးသဖြင့်   မိမိတို့မတတ်နိုင်သည့် သဘာဝဘေးအန္တရာယ်သည်   ကမ္ဘာအသီးသီး  နိုင်ငံအသီးသီး၌   ယခုနှစ်တွင် အယ်နီညို၏ သက်ရောက်မှုများရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့စားရေရိက္ခာ ထုတ်လုပ်မှုများ ထိခိုက်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့်လည်း ကြိုတင်လေ့လာဆန်းစစ်မှုများကို ပြုလုပ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားရေရိက္ခာအထွက်နှုန်းများ လျော့ကျမည်ကို ခန့်မှန်းထားကြောင်း၊ သို့သော် မြန်မာနိုင်ငံသည် အီကွေတာ၏ မြောက်ဘက်ခြမ်းတွင် တည်ရှိသည့် အတွက်ကြောင့် အယ်နီညိုစတင်သည့်ကာလခန့်မှန်းခြေသည် လာမည့် အောက်တိုဘာလတွင်ဖြစ်မည်ဟု ခန့်မှန်းကြောင်း၊ နိုဝင်ဘာလတွင် မိုးစပါးပေါ်မည်ဖြစ်ကြောင်း၊   အောက်တိုဘာလတွင် အယ်နီညို  စဝင်မှာဖြစ်သည့်အတွက် မိုးစပါးကိုထိခိုက်နိုင်ခြေမရှိဟု ခန့်မှန်းရကြောင်း၊ လက်ရှိကာလတွင် မြန်မာနိုင်ငံ ၏ဆန်လက်ကျန်သည် မြေပြင်လက်ကျန်တွက်ချက်မှုအရ တန်ချိန် ၃ ဒသမ ၅ သန်း ကျော်ခန့်ကျန်ရှိနေသည်ဟု တွက်ချက်၍ရကြောင်း၊ ယင်းပမာဏသည် လာမည့် နိုဝင်ဘာလ မိုးစပါးထွက်ရှိသည့် ကာလအထိ ပြည်တွင်းတွင်ဆန်ဖူလုံမှု ရှိနိုင်သည်ကို တွေ့ရှိရကြောင်း၊ တစ်ဖက်တွင် ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်နေခြင်းကို ထိန်းကျောင်း နိုင်ရန် မိမိတို့က   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းပြီး    တိုက်ရိုက်ရောင်းချခြင်းများအပြင် နိုင်ငံတော်အနေဖြင့် အရန်ဆန်စုဆောင်းသည့် အစီအမံကိုလည်းဆောင်ရွက်နေသည်ကို  ပြောကြားလိုကြောင်း၊ ထို့အတူ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း အစရှိသည့်   လယ်ယာထွက်ကုန်များကိုလည်း ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့ တင်ပို့နိုင်သည့်ပမာဏများ ကျန်ရှိနိုင်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး တွက်ချက်သည့်အခါ ပိုလျှံလုံလောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ နေ့စဉ်အသုံးပြုနေသည့် စက်သုံးဆီ၊ စားအုန်းဆီများကို ပြည်ပမှ တင်သွင်းမှုများအပေါ် ဈေးနှုန်းကြီးမြင့်မှု   မရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီများက ဖြစ်ပေါ်လာသည့်ကမ္ဘာ့ဈေးနှုန်းများ၊ အခြေခံဈေးနှုန်းများ၊  နိုင်ငံခြားငွေတို့ကိုလည်း သတ်မှတ် ရည်ညွှန်းဈေးနှုန်းများဖြင့် ဝယ်ယူခွင့်ပြုထားပြီး ရောင်းချမည့်ဈေးနှုန်းများကိုလည်း သတ်မှတ်ပြီး ဆောင်ရွက်နေသည်ကိုလည်း ရှင်းလင်းတင်ပြလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ    ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မိမိအနေဖြင့်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသော အခြေအနေများနှင့်   ပတ်သက်၍ ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀ (ခ) အရဖော်ပြပါရှိသည့်အတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့ကသာ  တင်သွင်းခွင့်ရှိသည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို    တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ဘဏ္ဍာရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊   ဘဏ္ဍာရေးမူဝါဒတွင် အဓိကပါဝင်သော မူဝါဒများမှာ   အခွန်အကောက်ဆိုင်ရာမူဝါဒများနှင့်    အသုံး စရိတ်ဆိုင်ရာမူဝါဒများ ဖြစ်ကြောင်း၊ ယင်းတို့ကို နှစ်စဉ်မူဝါဒများချမှတ်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊    ချမှတ်ထားသော မူဝါဒများကို အချိန်ကိုငဲ့ညှာသောအားဖြင့် မတင်ပြတော့ကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ တရားဝင်  Website ဖြစ်သော MOPF Website www.mopf.gov.mm  တွင်လေ့လာ ကြည့်ရှုနိုင်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်း ပြည်ပချေးငွေရယူခြင်း မရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေရရှိမှု အနည်းအကျဉ်းရှိကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးမူဝါဒများတွင် ဖော်ပြပါရှိသည့်အတိုင်း အခွန်အကောက်ဆိုင်ရာ မူဝါဒများနှင့် အသုံးစရိတ် မူဝါဒများကို သက်ဆိုင်ရာဌာန များနှင့်  မျက်ခြည်မပြတ်ထိန်းညှိ ဆောင်ရွက်လျက်ရှိကြောင်း၊    အခက်အခဲများ၊ စိန်ခေါ်မှုများရှိသော်လည်း    နိုင်ငံတော်အတွက်ရငွေများ တိုးတက်ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခြင်းနှင့် အသုံးစရိတ်များကို စနစ်တကျနှင့်အလေအလွင့်မရှိအောင် စိစစ်သုံးသပ်သုံးစွဲခြင်းတို့ကို အလေးထားပြီး    ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဘတ်ဂျက်လိုငွေများပြားနေမှု အခြေအနေကို သက်သာစေအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

၂၀၁၉-၂၀၂၀    ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေနှင့် GDP ရာခိုင်နှုန်းကို တင်ပြလိုကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်      ပထမမူလခန့်မှန်းခြေ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးကို ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်မည်ဟု မိမိတို့ခန့်မှန်းခဲ့ကြောင်း၊ နှစ်ကုန်ပြီးတွင် အမှန်ဖြစ်ပေါ်ခဲ့သည့် ဘတ်ဂျက်လိုငွေနှင့်  GDP ရာခိုင်နှုန်းမှာ ၆ ဒသမ ၂၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အလားတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မူလခန့်မှန်းခြေ ၅ ဒသမ ၂၉ ရာခိုင်နှုန်းခန့်မှန်းခဲ့သော်လည်း အမှန်ဖြစ်ပေါ်ခဲ့သည့် ရာခိုင်နှုန်းမှာ ၇ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တင်ပြပါ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များသည်  ကိုဗစ်-၁၉ ကာလ ဖြတ်သန်းနေချိန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ယင်းနှစ်များတွင် ဘတ်ဂျက်လိုငွေ များပြားခဲ့ပြီး ဘတ်ဂျက်လိုငွေနှင့် GDP အချိုးလည်း မူလခန့်မှန်းခြေထက် မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရတက်လာပြီးနောက်ပိုင်း     ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲပြီး ဆောင်ရွက်ခဲ့သည့်အခါတွင် ခြောက်လဘတ်ဂျက်တွင် ဘတ်ဂျက်လိုငွေ ရာခိုင်နှုန်းမှာ မူလခန့်မှန်းခြေသည်   ၅ ဒသမ ၀၇ ရာခိုင်နှုန်းခန့်မှန်းခဲ့ကြောင်း၊    ခြောက်လနှစ်ကုန်သည့် အချိန်တွင် ရှေ့ပြေးအမှန်ရရှိသည့်စာရင်းအရ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးမှာ  ၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်   ဘတ်ဂျက်လိုငွေနှင့် GDP အချိုးသည် နှစ်စတွင် ၅ ဒသမ ၉၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း နှစ်ကုန်တွင် ယာယီအမှန်စာရင်းအရ ၂ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိကြောင်း၊ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးများ ကျဆင်းအောင် ဆောင်ရွက်ခဲ့မှု အခြေအနေကို အကျဉ်းချုပ်ပြီး တင်ပြခြင်းဖြစ်ကြောင်း ပြောကြားသည်။

 ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုအခြေအနေအရ အခြားကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေး ကျဆင်းခဲ့ကြောင်း၊    ကျဆင်းခဲ့သည့်စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းများကိုလည်း တင်ပြလိုကြောင်း၊၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အနုတ်(-) ၅ ဒသမ ၉ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း၊    ၂၀၂၁-၂၀၂၂ ခြောက်လ ဘတ်ဂျက်တွင်    အနုတ်(-)ပြနေသော စီးပွားရေးကိုပြန်လည်ပြီး တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ  ၂ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နှစ်ကုန်စာရင်းအရ ၃ ဒသမ ၄ ရာခိုင်နှုန်း   ပြန်လည် တိုးတက်ခဲ့ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်စီးပွားရေး ဦးတည်ချက်များချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်း ရရှိမည်ဟုမျှော်မှန်းထားကြောင်း   ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေးဦးတည်ချက်များကို အထောက်အကူပြုရန်နှင့် အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေရိက္ခာ ဖူလုံရေးတို့ကို ဖော်ဆောင်နိုင်ရန်အတွက် ဘဏ္ဍာရေးမူဝါဒများဖြင့်  ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ ရငွေနှင့်အသုံးစရိတ်များကို ထိရောက်ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာ အသီးသီး၏ ရငွေ၊ သုံးငွေများကို သုံးလပတ်အလိုက်စောင့်ကြည့်သုံးသပ်ပြီး အစီရင်ခံတင်ပြလျက်ရှိကြောင်း၊ ယခင်ရယူခဲ့သည့် ပြည်ပေကြွေးမြီများကိုလည်း အချိန်စေ့ရောက်သည့်အချိန်တွင် တာဝန်သိနိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ပေးဆပ် လျက်ရှိကြောင်း၊    နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ပြီး    နိုင်ငံ့ စီးပွားရေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေ၊ နိုင်ငံ့ စီးပွားမြှင့်တင်ရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ၊   ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး    ချေးငွေရန်ပုံငွေစသည်တို့ကို သီးခြားရန်ပုံငွေများအဖြစ် ထူထောင်ခဲ့ပြီး     ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ/ဦးစီးအဖွဲ့များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မိမိအနေဖြင့် နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြလိုကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်ဘဏ် လေးခုကို တာဝန်ယူကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း၊ နိုင်ငံပိုင်ဘဏ်လေးခုမှာ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့ဖြစ်ကြောင်း၊ ယင်းဘဏ်လေးခုရှိသည့်အနက် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanmar Foreign Trade Bank) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (Myanmar Investment and Commercial Bank) တို့ကို  US Treasury-Office of Foreign Assets Control (OFAC) မှ  အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း၊ US Treasury (OFAC) မှ အထွေထွေလိုင်စင်အမှတ် ၅ ဖြင့် MFTB နှင့် MICB တို့ကိုပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး     MFTB သို့မဟုတ်  MICB မှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်ဦးချင်းနှင့်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ  အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းနှင့်အထက်ပိုင်ဆိုင်သည့် မည်သည့် အဖွဲ့အစည်းမဆို ၎င်းတို့၏ ငွေလွှဲပြောင်းပေးချေမှုများကို ၅-၈-၂၀၂၃ ရက်နေ့ အမေရိကန်စံတော်ချိန် ၁၂၀၀ နာရီမှစ၍ သမ္မတ၏အုပ်ချုပ်ရေးအမိန့်အမှတ် ၁၄၀၁၄ အရ တားမြစ်မည်ဖြစ်ကြောင်း ၂၁-၆-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ကြောင်း၊ US Treasury (OFAC) အနေဖြင့် နိုင်ငံပိုင်ဘဏ်နှစ်ခုအပေါ် ယခုကဲ့သို့ ထုတ်ပြန်ခဲ့သည်မှာ တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ပြီး    ပိတ်ဆို့သည့် အကြောင်းပြချက် များမှာခိုင်မာမှု မရှိကြောင်း၊ MFTB သည် အစိုးရနှင့် ပုဂ္ဂလိကနိုင်ငံခြားငွေလုပ်ငန်း များကို ဆောင်ရွက်ပေးနေသောဘဏ်ဖြစ်ပြီး MICB သည် ပုဂ္ဂလိကများ၏ နိုင်ငံခြား ငွေလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသောဘဏ်ဖြစ်ကြောင်း၊ ၎င်းတို့ကိုပိတ်ဆို့ ခြင်းအားဖြင့်   အစိုးရ၏ နိုင်ငံတော်နှင့် ပြည်သူများအတွက် ဆောင်ရွက်ပေးနေသော  ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးကိစ္စရပ်များ အပါအဝင် နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှုများကို သက်ရောက်စေသည့်အပြင် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုရယူသူ  ပုဂ္ဂိုလ်အဖွဲ့အစည်းများကို    ထိခိုက်စေကြောင်း၊ ပိတ်ဆို့မှုအမိန့်အပေါ်တွင်လည်း နိုင်ငံအလိုက်၊   သက်ဆိုင်ရာ ဘဏ်အလိုက် အဓိပ္ပာယ်ကောက်ယူမှု မတူကြဘဲ နှစ်မျိုးကွဲပြားပြီး လိုရာဆွဲယူကောက်ယူကြသည့် အနေအထားလည်း တွေ့ရကြောင်း ပြောကြားသည်။

နိုင်ငံပိုင်ဘဏ်များအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူအတွက်   နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှုများကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်နှင့် အဆင်ပြေချောမွေ့မှုရရှိစေရန် ဆက်လက် OFAC General License No 5 ၏ ခြွင်းချက်များအရ   Specific License လျှောက်ထားနိုင်သည့်   ကိစ္စရပ်များကို ကိစ္စရပ်တစ်ခုချင်းအတွက် လျှောက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ထည့်ဝင်ကြေးများ ထည့်ဝင်ရေးကိစ္စ၊ နှစ်စဉ်ကြေးများထည့်ဝင်ရေးကိစ္စ၊ နိုင်ငံတကာမှရယူထားသည့် ပြည်ပချေးငွေ ပြန်လည်ပေးဆပ်ရေးကိစ္စများ ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် အစိုးရဌာနအဖွဲ့ အစည်းများ၊ INGO၊ NGO၊ UN အပါအဝင်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီ များ၏ ပြည်တွင်းပြည်ပဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ  Foreign Exchange Supervisory Committee(FESC) ကို အတွင်းရေးမှူးရုံးအနေဖြင့် ဆောင်ရွက်နေသည့် ဝန်ကြီးဌာန ဖြစ်ကြောင်း၊ နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီ (FESC)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့် အမှတ်၊ ၂၈/၂၀၂၂ နှင့်အတူ ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေကို ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်  လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဈေးကွက်(Market) မပြည့်ဝသည့်အခါ အစိုးရအနေနှင့် မူဝါဒအရ ဆောင်ရွက်ရသည့် အခြေအနေမျိုးဖြစ်ကြောင်း ပြောကြားသည်။

FESC ၏အဓိကလုပ်ငန်းတာဝန်များမှာ နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ လိုအပ်နေသည့်  စက်ပစ္စည်းယန္တရားများ၊  ကုန်ထုတ်လုပ်မှုအတွက်   လိုအပ်သည့် အသုံးအဆောင်၊ ကုန်ကြမ်းပစ္စည်း အစရှိသည်တို့ကို တင်သွင်းရာတွင် လိုအပ်သည့်နိုင်ငံခြားသုံးငွေ စိစစ်ခွင့်ပြုခြင်းများ၊ ပြည်သူများအတွက် အဓိကမရှိမဖြစ်လိုအပ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဓာတ်မြေသြဇာ   အစရှိသဖြင့် ပိုးသတ်ဆေးအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကို ဝယ်ယူတင်သွင်းသည့်အခါ နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုခြင်း၊ လူမှုရေးနှင့်ပတ်သက်၍ ပြည်ပကိုကျန်းမာရေး၊ ပညာရေးကိစ္စနှင့်သွားသည့် အချိန်များတွင်လည်း အတတ်နိုင်ဆုံးလဲလှယ်ပေးသည့်  အနေအထားနှင့်အတူ နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုခြင်းများရှိကြောင်း ပြောကြားသည်။

အကျဉ်းချုပ်တင်ပြရလျှင် FESC အနေနှင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် မရှိမဖြစ် အရေးတကြီးလိုအပ်သည့် ကုန်စည်များကို မပြတ်လပ်စေရန်၊ (မရှိမဖြစ်ဆိုသည့် ကုန်ပစ္စည်းကို မိမိရည်ညွှန်းခြင်း ဖြစ်ကြောင်း) ဆိုလိုသည်မှာ Necessity ဖြစ်ကြောင်း၊ Luxury မဟုတ်ကြောင်း၊ ထို့ကြောင့် မရှိမဖြစ်အဓိကကုန်စည်များ တင်သွင်းနိုင်ရေးကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောလိုကြောင်း၊ ဥပမာအနေနှင့်တင်ပြရလျှင် မိသားစုတစ်စုတွင် မိခင်တစ်ယောက်သည် အကန့်အသတ်နှင့်ရှိနေသည့် မိသားစုဝင်ငွေကို မိသားစုတစ်စုလုံးအတွက်   တစ်လလုံးလောက်အောင် ခွဲဝေပြီးသုံးစွဲရသည့်အနေအထားကဲ့သို့ဖြစ်ကြောင်း၊ ထိုသို့  စီမံခန့်ခွဲသည့်အတိုင်း နိုင်ငံတစ်ခုတွင် အကန့်အသတ်နှင့်ရှိနေသည့် ရသုံးကို စီမံခန့်ခွဲရသကဲ့သို့ FE အဝင်အထွက်ကိုလည်း စီမံခန့်ခွဲရသည့် သဘောတရားဖြစ်ကြောင်း  ပြောကြားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ(FESC)အနေနှင့် ကော်မတီစတင်ဖွဲ့စည်းသည့် ၄-၄-၂၀၂၂ ရက်နေ့မှစ၍ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြေညာစာအမှတ်၊ ၁၂/၂၀၂၂ သတ်မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေနှင့် လဲလှယ်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် ၁၆-၈-၂၀၂၂ ရက်တွင် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို မိမိတို့အတွက်သုံးစွဲနိုင်ပြီး AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကိုဆောင်ရွက်နိုင်ပြီး ကျန်သည့် ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနှင့် လဲလှယ်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ ၆၅၊ ၃၅ ရာခိုင်နှုန်းနှင့် ဆက်လက်ပြီး ဆောင်ရွက်ခဲ့သည်ကို     အားလုံးလည်းသိရှိပြီးဖြစ်ကြောင်း၊ FESC ဖွဲ့စည်းပြီး ၄ လအကြာ သြဂုတ်လပိုင်း၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၃-၇-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ငွေပမာဏကို ၅၀၊ ၅၀ ရာခိုင်နှုန်းသတ်မှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကိုကြည့်ခြင်းအားဖြင့် FESC ၏မူဝါဒသည် တဖြည်းဖြည်းနှင့် ဖြေလျှော့မှုရှိလာသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိနိုင်မှု များပြားလာလေလေ ပြည်သူများအတွက် ပို၍ဖြေလျှော့ပြီး ဆောင်ရွက်ပေးသည့် အနေအထားကို တွေ့ရှိရမှာဖြစ်ကြောင်းပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ပို့ကုန်၏ရငွေ ၅၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်လိုက်သည့်နေရာတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အဓိကမရှိမဖြစ်လိုအပ်သည့် အခြေခံလိုအပ်ချက်မှာ စက်သုံးဆီနှင့် စားသုံးဆီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စားသုံးဆီလုံလောက်မှုမရှိခြင်းကြောင့်  ပြည်ပမှတင်သွင်းရကြောင်း၊   ထို့ကြောင့်  အဓိကလိုအပ်ချက်ဖြစ်သည့်    စက်သုံးဆီနှင့် စားသုံးဆီအတွက် မိမိတို့  FESC မှ စီမံခန့်ခွဲပြီး ၅၀၊ ၅၀ ရာခိုင်နှုန်းဖြင့်ပေး၍ နိုင်ငံတော်၏ ပံ့ပိုးထားသည့် လဲလှယ်နှုန်းနှင့်  ပံ့ပိုးပြီး တင်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊      နောက်ထပ်တစ်ခုအနေနှင့်   ထုတ်လုပ်မှုကဏ္ဍများတွင် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စက်ကိရိယာကုန်ကြမ်းများ၊ ပြည်သူများအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ကလေးနို့မှုန့်အပါအဝင်  စသည့်ကိစ္စရပ်များမှာ ဦးစားပေးစိစစ်ခွင့်ပြု ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထိုသို့ဆောင်ရွက်သည့်အခါ နိုင်ငံတော်၏ ပံ့ပိုးထောက်ပံ့မှုများကြောင့် စက်သုံးဆီ တစ်လီတာ၏ဈေးနှုန်းကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၌ တစ်လီတာကို အမေရိကန်ဒေါ်လာ ၁.၀၇ ဒေါ်လာရှိကြောင်း၊ အာဆီယံနှင့် အခြားသောအိမ်နီးချင်းနိုင်ငံများကို ၁၈-၈-၂၀၂၃ ရက်၏ ဈေးနှုန်းအရ ကြည့်မည်ဆိုလျှင် တစ်လီတာကို လာအို၌ ၁.၅၈ ဒေါ်လာရှိကြောင်း၊ ထိုင်း၌ ၁.၃၈၊ ကမ္ဘောဒီးယား၌ ၁.၂၅၊ ဖိလစ်ပိုင်၌ ၁.၂၅၊ စင်ကာပူ၌ ၂.၁၅၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၌ ၁.၁၊ အိန္ဒိယ၌ ၁.၂၈၊ ဘင်္ဂလားဒေ့ရှ်၌ ၁.၂ ဒေါ်လာရှိကြောင်း၊ အရှေ့အာရှနိုင်ငံများဖြစ်သည့် ဂျပန်၌ ၁.၂၃၊ တောင်ကိုရီးယား ဆိုလျှင် ၁.၂၆ ဒေါ်လာ အစရှိသဖြင့် စက်သုံးဆီ၏ဈေးနှုန်းများကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုအကြောင်းအရာများကို US ဒေါ်လာနှင့်နှိုင်းယှဉ်ပြီး ပြောသွားခြင်းဖြစ်ကြောင်း၊ မြန်မာကျပ်ငွေအနေနှင့် ပြောရမည်ဆိုလျှင် တရုတ်နိုင်ငံ၌ ဓာတ်ဆီတစ် လီတာကို ၁၅၁၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၂၉၄ ကျပ် ပိုမိုများပြားခဲ့ကြောင်း၊ လာအိုနိုင်ငံ၌ ဓာတ်ဆီတစ်လီတာကို ၂၉၄၃ ကျပ်၊ ဒီဇယ်တစ်လီတာကို   ၁၀၂၂ ကျပ် ပိုပြီးများပြားသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၌ ဓာတ်ဆီတစ်လီတာကို ၂၅၆၉ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၂၈၀ ကျပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဓာတ်ဆီတစ်လီတာကို ၁၈၅၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၁၂၄ ကျပ်၊ အိန္ဒိယနိုင်ငံ၌ ဓာတ်ဆီတစ်လီတာကို ၂၁၉၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၆၀၀ ကျပ်ပိုပြီးများခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့      စက်သုံးဆီနှင့်ပတ်သက်ပြီး အစိုးရကပံ့ပိုးမှုများ ရှိသကဲ့သို့ စားသုံးဆီနှင့် ပတ်သက်၍လည်း ပံ့ပိုးမှုများ ရှိကြောင်း၊ ယင်းကဲ့သို့    ဆောင်ရွက်မှုများကြောင့် သက်ဆိုင်ရာဒေသတွင်း၌ စားသုံးဆီဖြစ်စေ၊ စက်သုံးဆီဖြစ်စေ၊ တစ်လီတာဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ပိုမိုနည်းပါးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သို့သော်ဒေသတွင်း၌ ဆီထွက်သည့်နိုင်ငံများဖြစ်သည့် ဥပမာ အင်ဒိုနီးရှား၊ မလေးရှားတို့သည် စားအုန်းဆီထွက်သည့် နိုင်ငံများဖြစ်သည့်အတွက် မိမိတို့နိုင်ငံကလည်း ဝယ်ယူစားသုံးနေသည့် နိုင်ငံဖြစ်သောကြောင့် ထိုနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မိမိတို့နိုင်ငံမှာ ဈေးပိုများသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စားအုန်းဆီပေါက်ဈေးမှာ အစိုးရကပံ့ပိုးသည့် ရာခိုင်နှုန်းများနှင့်  လဲလှယ်နေရကြောင်း၊ ယနေ့စားအုန်းဆီပေါက်ဈေးကို ကြည့်မည်ဆိုလျှင် ရည်ညွှန်းဈေးမှာ ၄၀၆၅ ကျပ်ဖြစ်ကြောင်း၊ ကုမ္ပဏီလက်ကားဈေးမှာ ၈၀၀၀ ကျပ်ဖြစ်ကြောင်း၊ ဘုရင့်နောင်လက်ကားဈေးမှာ ၉၀၀၀ ကျပ်ဖြစ်ကြောင်း၊ လက်လီဈေးက ၁၀၀၀၀ ကျပ်ပေါက်နေကြောင်း၊ ထို့ကြောင့် စက်သုံးဆီ၊ စားသုံးဆီများကို နိုင်ငံတော်က ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ဈေးများနှင့် ပေးထားခြင်းဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်များ၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ တက်လာသည့်အတွက် ဈေးတက်ပြီးရောင်းသည့်အခါ မိမိတို့  FESC က  နိုင်ငံတော်၏စေတနာနှင့်ပံ့ပိုးပေးထားသည့် ဆောင်ရွက်မှုများသည် အရာမထင်သည့် ပုံစံမျိုး ဖြစ်နေကြောင်း ပြောကြားသည်။

သာမန်အားဖြင့် စဉ်းစားကြည့်မည်ဆိုလျှင် စီးပွားရေးလုပ်ငန်းများသည် အမြတ်ဆိုသည်ကို     ရလိုကြမည်ဖြစ်ကြောင်း၊ သို့သော်လည်း ရသင့်ရထိုက်သည့်အမြတ်ကို ၁၀ ရာခိုင်နှုန်းထားမည်လား၊ ၂၀ ရာခိုင်နှုန်းထားမည်လား၊ ၂၅ ရာခိုင်နှုန်းထားမည်လား စသဖြင့်  သတ်မှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့သော် နှစ်ဆမြတ်လိုနေသည့် အနေအထားသည် မဖြစ်သင့်သည့်အနေအထားဖြစ်သည်ကို   သုံးသပ် တွေ့ရှိရကြောင်း၊ ကမ္ဘာ့ဈေးနှုန်းကျသွားသည့်အချိန်တွင် လိုက်ပြီးဈေးချပေးရမည့် သဘောဖြစ်ကြောင်း၊ တစ်ခါတလေတွင် စက်သုံးဆီဖြစ်စေ၊  စားအုန်းဆီဖြစ်စေ၊ ရွှေဈေးဖြစ်စေ ကမ္ဘာ့ဈေးနှုန်းများက ကျနေသော်လည်း မြန်မာပြည်ထဲ၌ မကျသေးကြောင်း၊ အစရှိသဖြင့် ထိုအနေအထားများကို လေ့လာတွေ့ရှိရကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေနှင့်    အမြတ်ကိုလွန်ကဲစွာ ဦးစားပေးလွန်းသည့် လုပ်ငန်းရှင်များမဖြစ်ရန်၊ သမာသမတ်ကျပြီး စီးပွားရေးကျင့်ဝတ်ကို လိုက်နာသည့် စီးပွားရေး အသိုက်အဝန်းများဖြစ်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားသည်။

နိုင်ငံတော်အနေနှင့် တင်ပို့နေသည့် ပို့ကုန်များကို တိုးမြှင့်ရန်အရေးကိစ္စသည် Export Promotion ဖြစ်ကြောင်း၊ တင်သွင်းပြီး စားသုံးနေသည့် သွင်းကုန်များမှ မည်သည့်သွင်းကုန်အမျိုးအစားများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်မလဲဆိုသည်မှာ Import Substitution ဖြစ်ကြောင်း၊  Export Promotion နှင့် Import Substitution ဖြစ်သည့် ပို့ကုန်တိုးမြှင့်ခြင်းနှင့် သွင်းကုန်ကိုအစားထိုးပြီး ထုတ်လုပ်မှုများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေသည့် အချိန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် အဓိကအားဖြင့်   ပြည်တွင်းထုတ်လုပ်မှု(Domestic Production)သည် အရေးပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် ကုန်ထုတ်လုပ်မှုကို အားပေးလျက်ရှိပြီး နိုင်ငံတော်၏စုစုပေါင်းကုန်ထုတ်လုပ်မှုကို တိုးတက်စေရန်အတွက် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လမ်းညွှန်ဦးဆောင်ပြီး ဆောင်ရွက်နေခြင်းသည် သွင်းအားစုများကို ပြတ်လပ်မှုမရှိရန် စီမံချက်များချမှတ်၍ ဆောင်ရွက်သကဲ့သို့ စီးပွားရေးဦးတည်ချက်သုံးရပ်တွင်လည်း အတိအကျ ဖော်ပြထားကြောင်း၊ ထို့ကြောင့် မိမိအနေနှင့် FESC ၏ဆောင်ရွက်မှုများသည် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များနှင့် မည်သို့ချိတ်ဆက်ပြီး ဆောင်ရွက်နေသည်ကို အနည်းငယ်ရှင်းပြလိုကြောင်း ပြောကြားသည်။

ပြည်တွင်းအင်အားသည် ပြည်တွင်း၌ ရှိသည်ဆိုသကဲ့သို့  ပြည်တွင်းထုတ်လုပ်မှုများကို အားကိုးကြရမည် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကို ပိုပြီးတိုးတက်ရန်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စီးပွားရေးဦးတည်ချက်၌ ဖော်ပြထားသည့်အတိုင်း စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ခြင်းသည် မိမိတို့နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးကိုသာမက စိုက်ပျိုးရေးထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ဒေသအတွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကိုပါ    ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးစသည့် အခြေခံကျသည့် ထုတ်လုပ်မှုများကို  မျိုး၊ မြေ၊ ရေ၊ နည်းပညာ စသည်ဖြင့် တိုးချဲ့ပြီး စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် မိတ်ဖက်နိုင်ငံများထံမှ   ပြည်ပရင်းနှီးမြှုပ်နှံမှုများကို စွမ်းဆောင်ရုံမကဘဲ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ တစ်နည်းပြောရလျှင် Myanmar Citizen Investment မြန်မာနိုင်ငံသားများ၏ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့၍    ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုနှင့်အတူပူးပေါင်းပြီး   ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးဦးတည်ချက် ဒုတိယအချက်၌ ဖော်ပြထားသကဲ့သို့ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍတိုးမြင့်ရေးဆိုပြီး ချမှတ်ထားသည့်အတွက် စုစုပေါင်းတိုင်းပြည်ထုတ်ကုန် GDP တိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊    ဆင့်တက်လုပ်ငန်းများ အပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)များ၏ ဖွံ့ဖြိုးမှုလုပ်ငန်းများ၌ မူတည်နေကြောင်း၊ မြန်မာတစ်နိုင်ငံလုံး၌ ရှိနေသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းကျော်သည် MSME စီးပွားရေးလုပ်ငန်းများဖြစ်နေသည့်အတွက် ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းပြည်၏စီးပွားရေးတိုးတက်မှု၊ တည်ငြိမ်မှုနှင့်   ပို့ကုန်တင်ပို့နိုင်မှုတို့နှင့် တိုက်ရိုက်အချိုးကျ ဆက်စပ်လျက်ရှိကြောင်း၊ ထည့်သွင်းပြောကြားလိုသည်မှာ MSME လုပ်ငန်းများအနေဖြင့် အစိုးရ၏မူဝါဒ၊ အားပေးကူညီမှုများအပြင်   စီးပွားရေးလုပ်ငန်းများ၏ တိုးတက်ကြီးပွားလိုစိတ်(Own Political Will) ကိုယ်တိုင်ကလည်း မိမိလုပ်ငန်းကို တိုးတက်လိုပြီး ဥစ္စာရင်လို ဥစ္စာရင်ခဲဖြစ်ရန်     အလွန်အရေးကြီးကြောင်း၊ နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများသည် (Grow Up) ကြီးထွားလာပြီး ထုတ်ကုန်အရည်အသွေးများကို တိုးမြှင့်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ထုပ်ပိုးမှုဒီဇိုင်းများ၊ Digital Economy များတွင် ပါဝင်ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများကို မှာကြားရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိလိုအပ်သောအခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည်အလိပ်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ရော်ဘာအခြေခံထုတ်ကုန်ပစ္စည်း လိုအပ်ချက်များကို နှစ်စဉ်    ပြည်ပမှ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ နွားမွေးမြူရေး၊ ဝါနှင့်ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ပြီး ပြည်ပသို့ ကုန်ကြမ်း(Raw Material))တင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added)တင်ပို့ထုတ်လုပ်နိုင်မည် ဆိုပါက သွင်းကုန်ပမာဏကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့     ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်များကို အတတ်နိုင်ဆုံးလျှော့ချနိုင်မည်ဆိုလျှင် FESC အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို အားပေးနိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း များစွာ ဖော်ဆောင်ပေးနိုင်မည်ဖြစ်သောကြောင့် အောင်မြင်အောင်ဆောင်ရွက ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း၊ ရော်ဘာထုတ်လုပ်မှုနှင့်ပတ်သက်၍ ရော်ဘာများဆိုလျှင် တင်သွင်းသည့်  Item များတွင် ကားတာယာ အစရှိသည်များပါဝင်ကြောင်း၊ ကားတာယာကြီးများကို မထုတ်လုပ်နိုင် သေးဘူးဆိုလျှင် ပြည်တွင်း၌ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊  သုံးဘီးတာယာ အစရှိသဖြင့် ထုတ်လုပ်၍   အစားထိုး သွင်းကုန်အနေဖြင့် ထုတ်လုပ်နိုင်ခြင်းအားဖြင့် Import Substitution သွင်းကုန်သွင်းရမည့် ပမာဏများနည်း သွားမည်ဖြစ်ကြောင်း၊ MSME ၏ထုတ်ကုန်များလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့်မြို့ပြ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းနိုင်မည် ဖြစ်သောကြောင့်   ပြည်တွင်းထွက်ကုန်ကြမ်းများနှင့် MSME များ၏ဖွံ့ဖြိုးမှုကြားကို ချိတ်ဆက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ပြောကြားသည်။ 

ထို့အတူ စီးပွားရေးဦးတည်ချက်၏ တတိယအချက်တွင် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်၍ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိစေရန် ဆောင်ရွက်ပြီး နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ   ကြိုးပမ်းဆောင်ရွက်ရေးဟူ၍ ချမှတ်ထားကြောင်း၊  ထို့ကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို ပန်းတိုင်အထွက်နှုန်းပြည့်မီအောင်ဆောင်ရွက်ရန်၊   တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆီထွက်သီးနှံ စိုက်ပျိုးမှု လျာထားချက်ဧကကို ပြည့်မီအောင် ဆောင်ရွက်နိုင်စေရေးနှင့် အထွက်နှုန်း ပြည့်မီရေးများကို ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ စိုက်ပျိုးရေးတွင် Extensively နှင့် Intensively ဆိုပြီး ဧကတိုးချဲ့ စိုက်ပျိုးခြင်းသည် Extensive ဖြစ်ကြောင်း၊ စိုက်ပျိုးဧကများတွင် သီးထပ်သီးညှပ်နှင့်အတူ မနားဘဲစိုက်ပျိုးသည့် အနေအထားများသည်လည်း အထွက်နှုန်းများကို တိုးတက်စေမည်ဖြစ်ကြောင်း၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ရေရရှိမှုများကို ပေါင်းစပ်လျှင် စားသုံးဆီဖူလုံမှုကို ပို၍အကျိုးရှိစေမည် ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ၂၀၂၂ ခုနှစ်၊   ဇွန်၊ ဇူလိုင်လခန့်က ဖြစ်မည်ထင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီထုတ်လုပ်သော်လည်း ကိုယ်တိုင်မစားသုံးကြောင်း၊ ၎င်းတို့သည် ယူကရိန်းဘက်မှ နေကြာဆီကို တင်သွင်းစားသုံးကြကြောင်း၊   ၎င်းတို့ထုတ်သည့် စားအုန်းဆီများကို မိမိတို့နိုင်ငံသို့ ရောင်းချကြောင်း၊ သို့သော် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် အင်ဒိုနီးရှားနိုင်ငံသို့ စားသုံးဆီများ တင်သွင်းရသည့်အခါတွင်  တင်သွင်းမှုခက်ခဲသောကြောင့်  မိမိတို့နိုင်ငံသို့လည်း စားအုန်းဆီတင်ပို့မှုကို ရပ်လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် စားအုန်းဆီဈေးနှုန်းများ ဈေးတက်ရခြင်းဖြစ်ကြောင်း၊ မိမိဆိုလိုသည်မှာ ပြည်တွင်းထုတ်လုပ်မှုကို အောင်မြင်သေချာအောင် ထုတ်လုပ်မှသာလျှင် အခြားနိုင်ငံများကို မှီခိုအားထားရသည့် ကိစ္စရပ်များ လျော့ကျသွားမည်ဖြစ်ကြောင်း၊ အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ အာဆီယံစီးပွားရေးဝန်ကြီးက အင်ဒိုနီးရှားအနေဖြင့် ဤကဲ့သို့ မလုပ်သင့်ကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့်  မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ အရေးကြီး ကုန်စည်ကို တင်သွင်းနေရသောကြောင့် ဒေသတွင်း၌ Share လုပ်ပြီး ဆောင်ရွက်သင့်သည်ကို   ဆွေးနွေးခဲ့ကြောင်း၊ ထိုအချိန်တွင် စင်ကာပူ၊ ဘရူနိုင်းတို့မှ စီးပွားရေးဝန်ကြီးများက   ၎င်းတို့သည်လည်း တင်သွင်းစားသုံးသည့် နိုင်ငံများဖြစ်သောကြောင့် အလားသဏ္ဌာန်တူစွာ ထောက်ခံဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။

နိုင်ငံများသည် မိမိတို့အကျိုးစီးပွားကို ပိုဦးစားပေးကြကြောင်း၊ မိမိနိုင်ငံ အခက်အခဲဖြစ်တော့မည်ဆိုပါက    ပုံမှန်တင်သွင်းနေသည်များကို လျှော့ခြင်း၊ ရပ်ပစ်ခြင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်တွင်း ထုတ်လုပ်မှုတွင် မိမိစားသုံးမှုကို ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မူဝါဒကိစ္စရပ်များသည် FESC တွင် နိုင်ငံခြားငွေစီမံခန့်ခွဲမှုများကိုလည်း တင်သွင်းမှုကိစ္စရပ်၊ တင်ပို့မှုကိစ္စရပ်များသည် ငွေစီးဝင်လာမှုနှင့်စီးထွက်လာမှုကို ပြဋ္ဌာန်းပေးနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် FESC အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ဆက်စပ်ချိတ်ဆက်ဆောင်ရွက်သည့် အနေအထားကို မိမိအနေဖြင့် တင်ပြခြင်းဖြစ်ကြောင်း၊ မိမိရှေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရှင်းလင်းပြောကြားသွားသည့်အတိုင်း Online Platform နှင့် အမေရိကန်ဒေါ်လာကို ရောင်းချပေးရာတွင် ရောင်းသူများ(Sellers )နှင့် ဝယ်သူများ (Buyers) Online တွင် ဆောင်ရွက်ကြခြင်းကြောင့် ဈေးကွက်၌ပို၍ အဆင်ပြေချောမွေ့သည့် အနေအထားမျိုး ဖြစ်လာကြောင်း၊ ထို့ကြောင့် FESC မှ ခွင့်ပြုပေးလိုက်သည့်    လိုင်စင်များ အတွက်ဆိုလျှင်   အထူးသဖြင့်  မိမိအရှေ့ကပြောခဲ့သည့် ဆီနှစ်ဆီဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပံ့ပိုးပေးထားသည့် Rate အပြင် အမြင့်ဆုံးဝယ်ရသည့် Rate သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Online Platform ဖြင့် ရောင်းချပေးနေသည့်   အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၉၂၂ ကျပ် Rate ဖြင့်သာ   ဝယ်ယူရခြင်းဖြစ်ကြောင်း၊ ဈေးကွက်ထဲ၌ ပြောနေသည့်အတိုင်း တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ကျော်၊ ၄၀၀၀ နီးပါးဖြစ်သည်ကို ကြားသိရကြောင်း၊ ၃၀၀၀ ကျော်ဈေးနှုန်းဖြင့် ဝယ်ထားခြင်းမဟုတ်ကြောင်း၊ ဈေးနှုန်း အဆမတန်မြင့်တက်လာစေရန် လှုံ့ဆော်လိုသည့် ဝိသမလောဘနှင့်အတူ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်   သင့်တင့်မျှတသည့် အမြတ်ရရှိရန်လိုကြောင်း၊ သမာသမတ်ကျစေ လိုကြောင်း၊ အထူးသဖြင့်ဝင်ငွေ Limit ဖြစ်နေသည့် လူအများစု၊ အိမ်ထောင်စုများအတွက် အရေးကြီးသော အခြေခံကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ FESC အနေဖြင့်  ဈေးနှုန်းတည်ငြိမ်စေလိုကြောင်း၊ အထူးသဖြင့် Price Stabality,  Market Stabality ကိုရည်မှန်းပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းများကျလျှင် ထုတ်လုပ်သူများရှုံးမည်ဖြစ်ပြီး ဈေးနှုန်းများစွာ တက်လျှင်လည်း    စားသုံးသူများအတွက် မကောင်းကြောင်း၊ ထို့ကြောင့် ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရန် အရေးကြီးကြောင်း၊  ထို့ကြောင့် မိမိတို့  FESC ကော်မတီအနေဖြင့်  ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့ကြောင့် ယနေ့တင်ပြမှုသည် FESC ၏ ဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေ၊ သာမန်အမြတ်(Normal Profit) အနေအထားကို လက်ခံနိုင်သော်လည်း  စီးပွားရေးကဏ္ဍတွင် ဝိသမလောဘကို ရှေ့တန်းမတင်ဘဲ ကျင့်ဝတ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်မည့် ပုဂ္ဂလိကကဏ္ဍနှင့် စီးပွားရေးအသိုက်အဝန်းတို့ လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် အတွေ့အကြုံတစ်ခု အနေဖြင့် ကျန်ခဲ့သည့်နှစ်များတွင် စီးပွားရေးလုပ်ငန်းရှင်များသည် အကြီးအကဲများနှင့်တွေ့ဆုံလျှင် မိမိတို့အစည်းအဝေးများတက်ရကြောင်း၊ အကြီးအကဲများအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်း၊ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းများကို Protection ကာကွယ်ပေးစေလိုကြောင်း၊ ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို မယှဉ်ပြိုင်နိုင်ခြင်းစသည်တို့ကိုလည်း   အကြီးအကဲများကို ပြန်လည်တင်ပြလေ့ရှိကြောင်း၊ ယခုအချိန်သည်   စီးပွားရေးလုပ်ငန်းရှင်များအတွက် အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းများကို တွန်းအားပေးခြင်း၊ MSME ကဏ္ဍများကို ဦးစားပေးခြင်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို သွင်းကုန်အစားထိုးရန် အကောင်းဆုံးအခြေအနေဖြစ်ကြောင်း၊ ထို့ကြောင့် မူဝါဒအရအားပေးနေသည့် အခြေအနေများတွင် ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ထုတ်လုပ်နိုင်စွမ်းရှိသည့် Investment အဖြစ်သို့ ကူးပြောင်းစေမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက   ပုဂ္ဂလိကကဏ္ဍများတွင် ရွှေဈေးကွက်၊ မြေဈေးကွက်၊ ကားဈေးကွက်၌ လှည့်ပတ်နေသည့် အရင်းအနှီး အလုံးအရင်းတစ်ခုသည် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားဖြစ်နေကြောင်း၊ ထို Wave ကြီးထဲတွင် လိုက်ပါစီးဆင်းနေသည့် အနေအထားဖြစ်ကြောင်း၊ ထိုအနေအထားမျိုးမဟုတ်ဘဲ Protective ဖြစ်ပြီး ထုတ်လုပ်နိုင်စွမ်းရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆောင်ရွက်ခြင်းအားဖြင့် ယခုကဲ့သို့ ဈေးကစားခြင်းများသည် Absorb ဖြစ်သွားမည်ဖြစ်ကြောင်း၊ အရင်းအနှီးအလုံးအရင်းကြီးတစ်ခုကို အားမနေစေရန်၊ ပို၍ Protective ဖြစ်စေရန်ဆောင်ရွက်နိုင်သည့် အနေအထားမျိုးကိုလည်း ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်စေရန်၊ နိုင်ငံတော်နှင့်ပြည်သူများအတွက် နိုင်ငံခြားငွေစီးဝင်မှုနှင့် စီးထွက်မှုကို စနစ်တကျနှင့်မှန်ကန်စေရန် နိုင်ငံတော်နှင့်ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များ အားလုံးပူးပေါင်း ပါဝင်ကြရမည်ဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများ အနေဖြင့်လည်း ထိတ်လန့်ပြီးဝယ်ယူမှုများ မဖြစ်စေရန် လိုအပ်ကြောင်း၊ ဈေးနှုန်းသည် Demand နှင့် Supply ရောင်းလိုအားနှင့် ဝယ်လိုအားဖြစ်ကြောင်း၊ ကြောက်အားလန့်အားဖြင့်ဝယ်ယူလေ    ဈေးနှုန်း ပိုတက်လေဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်မှုခဲယဉ်းလေဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ FESC ၏ လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြပြီး  ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုများ၊ အမြတ်ကိုရှေ့တန်း တင်လွန်းခြင်းမရှိဘဲ ဝိသမလောဘမပါဘဲ နိုင်ငံတော်နှင့်အတူ ပြည်သူများအတွက် ပူးပေါင်းပါဝင် နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။      

  ဆက်လက်ဖော်ပြပါမည်။