မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် ပံ့ပိုး ကူညီမည်

မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် ပံ့ပိုးကူညီမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အရည်အသွေးပြည့်မီသည့်  မြန်မာ့ရော်ဘာများ တင်ပို့နိုင်ရေးအတွက်  နည်းပညာဆိုင်ရာ အထောက်အကူများကို တစ်စိတ်တစ်ပိုင်း အနေဖြင့် ဖြည့်ဆည်းထားပြီး ကဏ္ဍတစ်ရပ်လုံး  ဖွံ့ဖြိုးတိုးတက်စေရန် တခြားလိုအပ်ချက်များ ဖြစ်သော ဓာတ်ခွဲခန်းဝန်ထမ်း ထပ်မံဖြည့်တင်းရေးနှင့် ဓာတ်ခွဲခန်း အဆောက်အအုံ တိုးချဲ့ရေးတို့ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်သည်။   ထို့ပြင် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)၊  ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး   နည်းပညာ အကူအညီများ ရယူဆောင်ရွက်မည် ဖြစ်သည်။

မြန်မာ့ရော်ဘာကဏ္ဍတွင် ထုတ်လုပ်မှု မြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေးနှင့် အရည်အသွေး မြှင့်တင်ရေးတို့အတွက်   လိုအပ်သော ထိန်းကျောင်းမှုများ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့၌ နှီးနှောဖလှယ်ပွဲ တစ်ရပ် ကျင်းပမည်ဖြစ်သည်။

''အစိုးရရဲ့ပံ့ပိုးမှု လိုအပ်သလို တစ်ဖက်မှာလည်း တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို နှီးနှောဖလှယ်ပွဲကနေ အဖြေရှာနိုင်ကြဖို့ ကျင်းပမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူး ကပြောသည်။

၂ဝ၁၆ ခုနှစ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ စားသုံးသူရေးရာ ဦးစီးဌာန ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု  (လှည်းကူး)  ၌ မြန်မာ့သဘာဝ  ရော်ဘာ အရည်အသွေးစမ်းသပ်စစ်ဆေးရေး       ဓာတ်ခွဲခန်း (MNRQTL)ကို တည်ထောင်ခဲ့ကြောင်း သိရသည်။