နေပြည်တော်၌ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၄၅၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချ

နေပြည်တော်၌ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၄၅၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချ

နေပြည်တော်  သြဂုတ်  ၂၆

 နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများအား သတ်မှတ်အရည် အသွေးစံချိန်စံညွှန်း ပြည့်မီပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သက်သာသည့်ဈေးနှုန်းဖြင့်   ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍   စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၄၄၅၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

“ကျွန်တော်တို့အနေနဲ့   စားသုံးဆီ တင်သွင်းတဲ့ FIRST TOP Company ကနေ   ဝယ်ယူရရှိခဲ့တဲ့ စားသုံးဆီတွေကို နေပြည်တော်အတွင်းမှာ ရှိကြတဲ့ စားသုံးသူပြည်သူတွေ အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အခြေခံရည်ညွှန်းဈေးနဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးနေတာဖြစ်ပါတယ်။ နေပြည်တော်   မြို့မဈေးပွဲရုံတန်းမှာရှိတဲ့ အိမ်ရှင်မ ဆန်၊ ဆီ လက်လီ/ လက်ကား ဖြန့်ချိရေးဆိုင်နဲ့ သုခတော်ဝင် အိမ်ရာမှာရှိတဲ့ ဆိုင်ခွဲမှာလည်း  စားသုံးဆီ  တစ်ပိဿာ ၄၄၅၀  ကျပ်နှုန်းနဲ့   စားသုံးဆီ ပိဿာချိန် ၃၃၀၀ ကို ရောင်းချပေးနေတာဖြစ်ပါတယ်။ စားသုံးဆီတွေကို   ဒီနေ့မှာရောင်းချလို့ မကုန်ရင် နောက်နေ့တွေမှာ ဆက်ပြီးတော့ ရောင်းချပေးသွားမှာပါ။ ဒါ့အပြင် စားသုံးဆီတွေသာမကဘဲ ဆန်တွေကိုလည်း ကုမ္ပဏီ တွေကနေ   သက်သာတဲ့ဈေးနှုန်း ရရှိခဲ့ရင်  စားသုံးသူပြည်သူတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ရောင်းချပေးသွားမယ် ဆိုတာ အသိပေးချင်ပါတယ် “ဟု  အိမ်ရှင်မ ဆန်၊ဆီ လက်လီ/ လက်ကား ဖြန့်ချိရေးဆိုင်ရှင် ဦးအောင်ကိုထက်ကပြောသည်။

ထိုသို့ရောင်းချနေမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူ ရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စားသုံးသူပြည်သူများ   စားသုံးဆီများကို အဆင်ပြေချောမွေ့စွာ   ဝယ်ယူနိုင်ရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်မှုရှိစေရေးနှင့် စားသုံးဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေးတို့ကို  ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

"မြို့မဈေးကနေ ဈေးဝယ်ပြီး ပြန်လာတော့ လူတွေတန်းစီပြီး  ဆီတစ်ပိဿာကို ၄၄၅၀ နှုန်းနဲ့ ရောင်းပေးနေတာတွေ့လို့ ဝင်ရောက်ဝယ်ယူတာပါ။ ဈေးထဲကကုန်စုံဆိုင်တွေမှာ စားသုံးဆီတစ်ပိဿာကို ၁၀၀၀၀ ကျော်နဲ့  ရောင်းနေတဲ့အချိန်မှာ အခုလို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းပေးတဲ့အတွက် စားသုံးသူပြည်သူ တစ်ယောက်အနေနဲ့ အလွန်ဝမ်းသာတယ်။ အခုလို စားသုံးဆီကို သက်သာတဲ့ ဈေးနှုန်းနဲ့ မကြာခဏ ရောင်းပေးမယ်ဆိုရင် စားသုံးသူပြည်သူတွေ ဆီအတွက်ကတော့ အဆင်ပြေသွားမယ် ထင်ပါတယ်။ တစ်ဦးကို တစ်ပိဿာနှုန်းနဲ့ ရောင်းချပေးတဲ့အခါ မိသားစုနည်းတဲ့ သူတွေအတွက်သာမက မိသားစုများတဲ့ သူတွေအတွက်ပါ အဆင်ပြေပါတယ်။  စားသုံးဆီတွေအပြင် အဓိက စားသုံးကုန်ဖြစ်တဲ့  ဆန်နဲ့အခြား အခြေခံစားသောက်ကုန်တွေကိုလည်း အခုလို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးစေချင်ပါတယ်”ဟု မြို့မဈေးပွဲရုံတန်း(ပ/၁၈၆) မှ စားသုံးဆီ လာရောက်ဝယ်ယူသူ ဒေါ်ကြည်ပြာ ကပြောသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ အတွက်  နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း ဈေးများ၊ ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်များနှင့် ကျေးရွာများသို့ ဈေးကားများဖြင့် လက်ဝယ်အရောက် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ နှုန်းဖြင့် အလှည့်ကျ လှည့်လည်ရောင်းချပေးလျက်ရှိ ကြောင်းနှင့် ကျန်ရှိသည့်ဈေးများ၊ ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်များနှင့် ကျေးရွာများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ထပ်မံ၍ လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။