သီလဝါ အထူးစီးပွားရေးဇုန် အဆင့် (၄)၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်နေပြီး တစ်စတုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာဖြင့် ရောင်းချပေးနေ

ရန်ကုန်၊ ရင်းနှီးမြှုပ်နှံမှု

ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူး စီးပွားရေးဇုန်အတွင်း အဆင့် (၄) မှ ၂၆ ဟက်တာအား အကောင် အထည်ဖော်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်လျက်ရှိပြီး တစ်စတုရန်းမီတာလျှင် အမေ ရိကန် ဒေါ်လာ ၈၃ ဒေါ်လာဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်၏ ပြောပြချက်အရ သိရသည်။

COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ရေးကာလဖြစ်၍  လာရောက်ရင်းနှီး မြှုပ်နှံရန် ဆက်သွယ်ထားသည့် ကုမ္ပဏီများအနေဖြင့် ပြည်တွင်းသို့ မဝင်ရောက်နိုင်ဘဲ စီးပွားရေးလည်ပတ်မှုအများစု နှောင့်နှေးခဲ့ရသော် လည်း  ရင်းနှီးမြှုပ်နှံလိုသူများ ရှိနေဆဲဖြစ်ကြောင်း၊ လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန်(B)ရှိ အဆင့် (၁)၊  (၂)၊ (၃) တွင် ငှားရမ်းနိုင်သောမြေ ၁၈၂ ဟက်တာအနက် ၄၈ ရာခိုင်နှုန်းကို ကုမ္ပဏီပေါင်း ၂၀ အား ငှားရမ်း ထားပြီး ဖြစ်ကြောင်း၊ အဆင့် (၄)၌ ငှားရမ်းနိုင်သောမြေ ၂၆ ဟက်တာအတွက် တည်ဆောက်ရေးလုပ်ငန်းများ   ဆက်လက် လုပ်ဆောင်နေကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံလိုသူများ အနေဖြင့် စိတ်ဝင်စားမှု ရှိနေပြီး COVID-19 ရောဂါဖြစ်ပွားနေသည့်အတွက် အွန်လိုင်းမှဆက်သွယ်မှု များရှိနေ ကြောင်း သိရသည်။

“ဇုန်(B)ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှာ စီးပွားဖြစ်စတင်ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ လုပ်ငန်းပေါင်း ၈၇ ခုကို ခွင့်ပြုမိန့်ထုတ်ပြန်ပေးထားပါတယ်။ ဇုန်(B)အပိုင်းကို အဆင့်လိုက် ဆက်လက် အကောင်အထည်ဖော် လျက်ရှိပါတယ်။ လုပ်ငန်းပေါင်း ၁၈ ခုကိုလည်း ခွင့်ပြုမိန့် ထပ်မံထုတ်ပေးထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ အခက်အခဲတွေဖြစ်နေတယ်။ ရင်းနှီး မြှုပ်နှံလိုသူတွေလည်း ဝင်ရောက်ဖို့ ကြန့် ကြာနေပါတယ်။ COVID-19 ရောဂါကာလ အလွန်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်ရောက်လာနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လက်ရှိမှာ မြေငှားရမ်းခွင့်ကို တစ်စတုရန်းမီတာအတွက် အမေရိကန် ဒေါ်လာ ၈၃ ဒေါ်လာနဲ့  ရောင်းချပေး နေပါတယ်” ဟု ဦးမြင့်ဇော်က ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်(A)ကို ၂၀၁၃ ခုနှစ်က ၄၀၅ ဟက်တာခန့်ဖြင့် စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် ဇုန်တစ်ခုလုံးအတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၃ ခုကို လုပ်ကိုင်ခွင့်ပြုကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ ဘီလီယံကျော်ဖြင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။              

စိုးမိုး