ပုဂံဒေသမှ ဧည့်လမ်းညွှန်များအပါအဝင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းလုပ်ကိုင်သူ ၁၅၀ ကို အွန်လိုင်းမှ သင်တန်းပို့ချရန်စီစဉ်

ပုဂံညောင်ဦး၊ ခရီးသွား

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ပုဂံဒေသမှ ဧည့်လမ်းညွှန်များ အပါအဝင် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ် သည့်လုပ်ငန်းလုပ်ကိုင်သူ ၁၅၀ ကိုအွန်လိုင်းမှ သင်တန်းပို့ချရန် စီစဉ်လျက်ရှိရာ လတ်တလောတွင် စာရင်းကောက်ယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များ အသင်း ပြန်ကြားရေးတာဝန်ခံ ဦးထက်ထွန်းအောင်၏ ပြောဆိုချက်အရ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်အရှိန်မြှင့်တင် လုပ်ဆောင်ရာ၌ အရေးပါလာမည့်လုပ်ငန်းခွင် ဘေးအန္တရာယ် ကာကွယ်တားဆီးရေး သင်တန်းအတွက် လူဦးရေ ၅၀၊ ခရီးသွား လုပ်ငန်းကုမ္ပဏီများအတွက် လူဦးရေ ၅၀၊ ယာဉ်မောင်းနှင့် ယာဉ်အကူ စုစုပေါင်း ၅၀ ဦးအတွက် သင်တန်းများကို အွန်လိုင်းမှ ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။

အဆိုပါကဏ္ဍ သုံးရပ်အတွက် သင်တန်း များပို့ချရာတွင် ကဏ္ဍတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာနယ်ပယ်များ မှ ကျွမ်းကျင်သူများက သင်ကြားပေးမည်ဖြစ်သည်။

ယင်းသင်တန်းကို တက်ရောက်ခြင်းဖြင့် COVID-19 ရောဂါကာလအလွန်တွင်  ပြန်လည်စတင်မည့် ခရီးသွား ကဏ္ဍနှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် လုပ်ကိုင်သူများအနေဖြင့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်မည်ဖြစ် သည်။

အဆိုပါ သင်တန်းသည် အွန်လိုင်းသင်တန်းဖြစ်သောကြောင့်  တစ်ရက်လျှင်နှစ်နာရီဖြင့် ငါးရက်တိတိ မပျက် မကွက်တက်ရောက်ရမည်ဖြစ်ရာ အင်တာနက် အသုံးပြုကာ တက်ရောက်ရမည်ဖြစ်သည့် အတွက် တစ်ရက် လျှင် တစ်ဦး ငွေကျပ် ၄၈၀၀ နှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။                        

နေနေ