ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာ ကျဆင်းစေရေး ဆောင်ရွက်မည်

ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာ ကျဆင်းစေရေး ဆောင်ရွက်မည်

နေပြည်တော်  သြဂုတ်  ၃၀

    ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ရုံးအမှတ် (၃) အစည်းအဝေးခန်းမ(၂)၌   ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စားအုန်းဆီကို ပြည်သူများ ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီ တင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့်   နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေ လဲလှယ်နှုန်းဖြင့် လည်းကောင်း၊   ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက် သက်သာသည့်    နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားဖြင့် လည်းကောင်း ပံ့ပိုး ဆောင်ရွက်ပေးထားကြောင်း၊    ထို့ပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားကြောင်း၊ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပတ်စဉ်ပုံမှန် တွက်ချက်ထုတ်ပြန် ပေးလျက်ရှိကြောင်း။

သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော် အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံစားရခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ စားအုန်းဆီဈေးများ မြင့်တက်နေမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဇူလိုင် ၁ ရက်က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်  မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာ ဦးမတည်ဘဲ  စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်   လိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး    ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာ ကျဆင်းစေရေး ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့် ပတ်သက်၍ လိုအပ်သည့်အစီအမံများ ချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း  ပြောကြားသည်။

ယင်းနောက်  ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့်    စားသုံးဆီ တင်သွင်းဖြန့်ဖြူးသည့်   ကုမ္ပဏီများက စားသုံးဆီပြည်တွင်း ပို့ဆောင်ရာတွင်  QR Code ဖြင့်   ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ်ကုန်လက်ကျန် သတင်းပို့မှုအစီအစဉ်၊ လက်ကားနှင့်လက်လီ ရောင်းချသူများအကြား ဈေးနှုန်းကွာဟမှု မရှိစေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့နောက်   တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်းဈေးကို အခြေခံပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၏ ဈေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာတွင်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးအပေါ် အခြေခံကာ သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စားသုံးဆီဈေးနှုန်းများကို လက်ရှိအခြေအနေမှ လျှော့ချသွားရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနက ကြပ်မတ် ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုကြပြီး  အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စားသုံးဆီ တင်သွင်းဖြန့်ဖြူးနေသည့်   ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။