နောင်တစ်ချိန်မှာ မာရဝိဇယဘုရားကြီးက ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားတဲ့ပြယုဂ်တစ်ခုအဖြစ် တွေ့ရှိရမှာဖြစ်ပါတယ်

နောင်တစ်ချိန်မှာ မာရဝိဇယဘုရားကြီးက ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားတဲ့ပြယုဂ်တစ်ခုအဖြစ်

တွေ့ရှိရမှာဖြစ်ပါတယ်

 

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ  ရဟန်း၊  ရှင်လူပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိရာ ၎င်းတို့နှင့်တွေ့ဆုံ၍ ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရခဲ့သည့် ဝမ်းသာပီတိ ရင်တွင်းခံစားချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။

ဦးမင်းမင်းထွန်း(ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

 ကမ္ဘာပေါ်က ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များထဲမှာ ဉာဏ်တော် အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်တဲ့အတွက် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဂုဏ်ယူပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။   ကမ္ဘာမှာ ထင်ထင်ရှားရှားဘုရားတစ်ဆူအဖြစ် တည်ရှိလာမှာ ဖြစ်တဲ့အတွက် ပိုပြီးကြည်နူးမိပါတယ်။ နောင်တစ်ချိန်မှာ မာရဝိဇယဘုရားကြီးက ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားတဲ့ ပြယုဂ်တစ်ခုအဖြစ်တွေ့ရှိရမှာဖြစ်ပါတယ်။ ဗိသုကာ လက်ရာဆိုရင်လည်း  မြန်မာမှုတွေနဲ့  လက်ရာပြောင်မြောက်အောင် ထွင်းထုထားတာ တွေ့မြင်ရတဲ့အတွက် တကယ်ကို အံ့မခန်းဖြစ်မိပါတယ်။

သာသနိက အဆောက်အဦတွေဆိုရင်လည်း ဗိသုကာလက်ရာပြောင်မြောက်လို့ မြန်မာမှာ ဒီလိုအင်ဂျင်နီယာတွေ၊ ဗိသုကာပညာရှင်တွေရှိတာ တွေ့ရလို့ ဝမ်းသာပါတယ်။ ကျောက်စာရုံစေတီ ၇၂၀ ဆူဆိုရင်လည်း ဘာသာနှစ်မျိုးနဲ့ ရေးထိုးထားတာ ဖြစ်တဲ့အတွက် ဘုရားကြီးလာရောက်ဖူးမြော်သူတွေ အတွက်ရော သာသနာအတွက်ပါ တန်ဖိုးမဖြတ်နိုင်အောင် ကောင်းမွန်တယ် လို့ပြောချင်ပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က  ပြည်သူတွေ  ဘုရားကြီးကို မရောက်ရောက်အောင်လာဖူးကြပါလို့ လည်းပြောချင်ပါတယ်။

ဒေါ်လှလှဝင်း(ဘဏ်ဝန်ထမ်း၊ ရန်ကုန်တိုင်းဒေသကြီး)

ကျွန်မတို့မိသားစုတွေအကုန်လုံး တစုတစည်းတည်း လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။   ဘုရားကြီးကို    အပြင်မှာ မျက်မြင်ဖူးလိုက်ရတော့ အလွန်ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ ဘုရားဖူးပြီးရတဲ့ ဝမ်းသာကြည်နူးမှု ဆိုတာက ဘာနဲ့မှမတူပါဘူး။ ဘုရားကြီးဖူးမြော်ရတာ အေးချမ်းပြီး စိတ်ချမ်းသာရပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓရုပ်ပွားတော်ကြီးက ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အဝေးကြီးကလာရပေမယ့် ဘုရားကြီးကိုဖူးမြော် လိုက်ရတော့ ပင်ပန်းတယ်လို့တောင် မထင်မိပါဘူး။ လာဖူးတဲ့ဘုရားဖူးပြည်သူတွေကို ကြည့်ပြီး ကျွန်မပါကြည်နူးမှုတွေ ကူးစက်ပါတယ်။ အားလုံးဘုရားကြီးကို လာရောက် ဖူးမြော်ကြပါ၊ ကြည်နူးစရာကောင်းပါတယ်လို့ ပြောချင်ပါတယ်။

ဦးစိုးသိန်း(ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)

ကျွန်တော်တို့က ပြင်ဦးလွင်သွားပြီး အပြန်မှာ ဗုဒ္ဓဆင်းတုတော်ကြီးရဲ့ ဂုဏ်သတင်းကကျော်ကြားနေလို့ လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး  စကျင်ကျောက်ဆင်းတုတော်ကြီး ရှိတယ်ဆိုတဲ့ ဂုဏ်ယူမှုနဲ့အတူ လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဘုရားကြီးကို အပြင်မှာ ဖူးမြော်လိုက်ရတော့ ရင်ထဲမှာ နှစ်နှစ်ကာကာ  ကြည်နူးမိတဲ့အတွက် အားလုံးကို လာရောက်ဖူးမြော်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးအာကာဖြိုးလွင်(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း၊ ရန်ကုန်တိုင်းဒေသကြီး)

ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်ကြီးကို ဖူးမြော်ရတဲ့အတွက် အလွန်ပဲဝမ်းသာပီတိ ဖြစ်မိပါတယ်။ စကျင်ကျောက်ကိုထွင်းထုပြီး ဘုရားကြီးတည်တယ်ဆိုတာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူမိပါတယ်။ ဘုရားကြီးကို လာရောက် မဖူးမြော်ရသေးတဲ့    ပြည်သူတွေလည်း စကျင်ကျောက်ဆင်းတုတော်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ ပြောချင်ပါတယ်။

အငယ်လေး(ပညာရေးဝန်ထမ်း၊ ရန်ကုန်တိုင်းဒေသကြီး)

ဘုရားကြီးကို ဖူးမြော်ခွင့်ရလို့ ဝမ်းသာကြည်နူး ဖြစ်မိပါတယ်။    ဘုရားကြီးကို ဖူးထိုက်လို့  ဖူးရတယ်လို့ ထင်မိပါတယ်။ မာရဝိဇယဘုရားကြီးကို အလွန်ဖူးမြော်ချင်နေတဲ့ စိတ်ဆန္ဒလည်း ပြည့်ဝသွားပါတယ်။ အနယ်နယ် အရပ်ရပ်က   ပြည်သူတွေ ဘုရားကြီး လာရောက်ဖူးမြော်ကြပါ။ ကြည်ညိုစရာ အလွန်ကောင်းပါ တယ်လို့  ဖိတ်ခေါ်ပါတယ်။

တွေ့ဆုံမေးမြန်း - အေးအေးသန့်

ဓာတ်ပုံ - ကိုအေးသန်း