စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း

စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်  မှိုင်းပန်ကျေးရွာ၌  စပျစ်ပင်၅၀၀ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာ ရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေး တွက်ခြေကိုက်ကြောင်း သိရသည်။

စပျစ်စိုက်ပျိုးသည့်အခါ မစိုက်ပျိုးမီ မြေပြင်ရာတွင် အနက်တစ်ပေ၊ အကျယ်တစ်ပေကျင်းတူးပြီး သဘာဝမြေဆွေးများထည့်ကာ ပြုပြင်ရကြောင်း၊ မြေပြုပြင်ပြီးမှ စပျစ်အရိုင်းပင်ကိုစိုက်ပျိုးပြီး  ခြောက်လအကြာတွင် အညွန့်ကိုင်းဖြတ်ကာ အယဉ်မျိုးနှင့် ကိုင်းကူးပေးရကြောင်း၊   ကိုင်းကူးပြီး ခြောက်လအကြာတွင်  စပျစ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ စပျစ်ပင် ၅၀၀  စိုက်ပျိုးမည်ဆိုပါက စတင်အသီးသီးချိန်အထိ ကုန်ကျငွေကျပ် ၁၆ သိန်းခန့်ကုန်ကျကြောင်း၊ အသီးများ ခူးဆွတ်ရောင်းချရာတွင် နှစ်လကျော်အထိ ခူးဆွတ်ရကာ ကုန်ချိန် ပိဿာ ၁၅၀၀  ခန့် ရရှိကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ်၃၀၀၀ မှ ၄၀၀၀ အထိ ဈေးအမျိုးမျိုး ရောင်းရကြောင်း၊   ရောင်းရငွေတွက်ကြည့်ပါက ငွေကျပ် သိန်း ၆၀ ရရှိကြောင်း  မှိုင်းပန်ကျေးရွာမှ   ကိုယ်တိုင်စပျစ် စိုက်ပျိုးသူ ဦးညွန့်ဝင်းကပြောသည်။

ထို့ကြောင့်စပျစ်သီးနှံသည် ကျောက်ဆည်မြို့၏  ရာသီဥတု၊  ရေ၊  မြေနှင့် ကိုက်ညီပြီး  အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်များသောကြောင့် ယာမြေပိုင်ဆိုင်သော တောင်သူတချို့သည်  စပျစ်ပင်များ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။