ကမ္ဘာ့ရေးရာများကို ကိုင်တွယ်ရန် အမေရိကန်နှင့်တရုတ်တို့က ခေါင်းဆောင်မှုကို ပြသသင့်ဟုဆို

ကမ္ဘာ့ရေးရာများကို ကိုင်တွယ်ရန် အမေရိကန်နှင့်တရုတ်တို့က ခေါင်းဆောင်မှုကို ပြသသင့်ဟုဆို

ဂျကာတာ၊ နိုင်ငံရေး

များပြားလှစွာသော ကမ္ဘာ့ရေးရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်နှင့် တရုတ်တို့ အနေဖြင့် ခေါင်းဆောင်မှုကို ပြသသင့်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စက်တင်ဘာ ၆ ရက် တွင် ပြောသည်။

ထိုသို့ ခေါင်းဆောင်မှုကိုပြသမှသာ နှစ်နိုင်ငံကြားဆွေးနွေးမှုကို ဆက်လက်ပြုလုပ်နိုင်မည်ဖြစ်သကဲ့သို့  အဆင့်အားလုံးတွင် မဟာဗျူဟာမြောက်ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး မဟာပူးပေါင်း ဆောင်ရွက်မှုအတွက်   ကြိုးပမ်းနိုင်စေမည်ဖြစ်ကြောင်း လီရှန်လွန်းက ဆက်ပြောသည်။

ထို့ပြင် အမေရိကန်-တရုတ် ဆက်ဆံရေးလမ်းကြောင်းကို ဒေသတွင်းနိုင်ငံများက စိုးရိမ်မှုကြီးစွာ စောင့်ကြည့်နေကြကြောင်း အာဆီယံအဖွဲ့နှင့် တရုတ်ဝန်ကြီးချုပ်တို့ကြားလုပ်ဆောင်သည့် ထိပ်သီး ဆွေးနွေးပွဲတွင် လီရှန်လွန်းက ပြောခြင်းဖြစ်သည်။

အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာမှုများစတင်ကတည်းက ထိုတင်းမာမှုများ၏ ရိုက်ခတ်မှုကို တိုက်ရိုက်ခံစားရသူများမှာ အာဆီယံဒေသဖြစ်ကြောင်း၊ ထိုတင်းမာမှုများကြောင့်ပင် ဆယ်စုနှစ်ပေါင်း များစွာတည်ရှိခဲ့သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝမှုတို့   လျော့နည်းပျောက်ဆုံး လာရကြောင်း လီရှန်လွန်းက ဆက်ပြောသည်။

တစ်ချိန်တည်းမှာပင် အာဆီယံအဖွဲ့နှင့်တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းရေးနောက်သို့ မဆုတ်မနစ်လိုက်ပါ နေသူများဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသောစိတ်ဓာတ်များရှိကြောင်းနှင့်   ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် အမှန်တကယ် လုပ်ဆောင်လျက်ရှိကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောထားသည်။

Ref: CNA