ယူကရိန်းတို့၏ စစ်ဆင်ရေးသည် ရပ်တန့်နေခြင်းမဟုတ်ဘဲ ကျရှုံးသွားခြင်းသာဖြစ်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်ကမှတ်ချက်ပြု

ယူကရိန်းတို့၏ စစ်ဆင်ရေးသည် ရပ်တန့်နေခြင်းမဟုတ်ဘဲ ကျရှုံးသွားခြင်းသာဖြစ်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်ကမှတ်ချက်ပြု

ကိယက်၊ လုံခြုံရေး

ယူကရိန်းတို့၏ စစ်ဆင်ရေးသည် ရပ်တန့်နေခြင်းမဟုတ်ဘဲ ကျရှုံးသွားခြင်းသာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကမှတ်ချက်ပြုပြောသည်။

ယူကရိန်းဘက်က တန်ပြန်တိုက်စစ်စတင်သည်ဟု ကြေညာပြီး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော သုံးလတာကာလအတွင်း စစ်သည်အင်အား ၆၆၀၀၀ ခန့်၊ အကြီးစားစစ်လက်နက်ပစ္စည်း ၇၆၀၀ ခန့်ဆုံးရှုံးကာ မည်သည့်သိသာထင်ရှားသော အောင်မြင်မှုမျှရရှိခဲ့ခြင်းမရှိကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုတန်ပြန်တိုက်စစ်အတွင်း ယူကရိန်းတို့က ကျေးရွာအချို့ကို သိမ်းပိုက်နိုင်သည်ဟု ထုတ်ပြန်ထား သော်လည်း ထိုကျေးရွာများသည် ရုရှားတို့၏ ပင်မခံစစ်စည်းနှင့် များစွာ အလှမ်းဝေးနေသေးသည် ဟုဆိုသည်။

တတိယကမ္ဘာစစ်သည် လက်ရှိအချိန်မှာပင် စတင်နှင့်နေပြီဖြစ်ကြောင်း ယူကရိန်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဥက္ကဋ္ဌက အတိအလင်းပြောထားသည်။

အကြောင်းရင်းမှာ ရုရှား-ယူကရိန်းပဋိပက္ခမှအစပြု၍ နိုင်ငံအများအပြားသည် ထိုပဋိပက္ခအတွင်းသို့ မဖြစ်မနေ ပါဝင်လာနေရခြင်းကြောင့်ဖြစ်ကြောင်း အလက်ဆီဒန်နီလော့က ကိယက်လုံခြုံရေးဖိုရမ်၌ ပြောသည်။

“တစ်ယောက်ယောက်ကများ တတိယကမ္ဘာစစ်မစတင်သေးဘူးလို့ တွေးထင်နေ မယ်ဆိုရင်တော့ ဒါဟာသိပ်ကိုမှားယွင်းတဲ့ အမှားကြီးတစ်ခုဖြစ်ပါလိမ့်မယ်။ တကယ်တော့ တတိယကမ္ဘာစစ်က စတင်နှင့်နေပါပြီ။ သူက တချို့အချိန်တွေမှာ ကာလနှစ်မျိုးနဲ့ဖြစ်နေခဲ့ပေမယ့်လည်း အခုတော့ အလုံးစုံ ဖြစ်ပွားတဲ့အဆင့်ကိုဝင်လာပါပြီ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရုရှား-ယူကရိန်းပဋိပက္ခသည် တစ်ဖက်ဖက်ကအနိုင်ရရှိဖို့ တစ်ခုတည်းအတွက် ဖြစ်ပွားနေ ရသော ပဋိပက္ခဟုတွေးလျှင် အမှားကြီးမှားမည်ဖြစ်ကြောင်း၊ အရာရာတိုင်းသည် အလွန်ရှုပ်ထွေးလွန်း လှကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ရုရှား-ယူကရိန်းပဋိပက္ခ၏ အတိုင်းအတာနှင့်ပတ်သက်၍ ထိုသို့သော အခြေအနေမျိုးကို ဒုတိယကမ္ဘာစစ်နောက်ပိုင်း မည်သည့်အခါကမျှ တွေ့မြင်ဖူးခြင်းမရှိကြောင်း စီအိုင်အေညွှန်ကြားရေး မှူးချုပ်ဟောင်း ဒေးဗစ်ပီထရော့က ပြောသည်။

“စစ်မြေပြင်စွမ်းဆောင်ရည်ပိုင်းမှာတော့ အားလုံးကသူလိုကိုယ်လိုပါပဲ။ ဒါပေမဲ့ ရုရှားတို့ဘက်က   တော်ရုံမယှဉ်နိုင်လောက်တဲ့ ကာကွယ်ရေးစနစ်ကြီးတစ်ခုကို ဖန်တီးထားနိုင်ပါတယ်။ အဲဒီစနစ်ကြီးကို ဖောက်ထွင်း ဝင်ဖို့ဆိုတာကလည်း အလွန်ကိုခက်ခဲပါတယ်” ဟု ဒေးဗစ်ပီထရော့က ဆက်ပြောသည်ဟု သိရသည်။                    

Ref: RT