ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ သြဂုတ်လအတွင်း ငါးသလောက်ပိဿာချိန် ၇၉၀၀၀ အထိတင်ပို့ရောင်းချရ

ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ သြဂုတ်လအတွင်း ငါးသလောက်ပိဿာချိန် ၇၉၀၀၀ အထိတင်ပို့ရောင်းချရ

 

    ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့    သြဂုတ်လအတွင်း  ငါးသလောက်ပိဿာချိန် ၇၉၀၀၀ အထိ  တင်ပို့ရောင်းချရကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်  ဒေါ်ပေါက်ထံမှ   သိရသည်။   

ဖျာပုံမြို့နယ်၌   ပြီးခဲ့သည့်ဇွန်လနှင့် ဇူလိုင်လတို့အတွင်းက ငါးသလောက်ပိဿာချိန် ၄၅၅၀၀ အထိသာ တင်ပို့ရောင်းချရပြီး  သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိငါးသလောက် ပိဿာချိန် ၇၉၀၀၀ အထိ တင်ပို့ရောင်းချရကြောင်း၊ အဆိုပါ ဒေသမှ  ရန်ကုန်မြို့သို့   ပြီးခဲ့သည့်လများထက် သြဂုတ်လအတွင်းက ငါးသလောက် ပိဿာချိန် ၃၃၅၀၀   အထိပိုမိုတင်ပို့ ရောင်းချရကြောင်း သိရသည်။

   “ဒေသထွက် ရေထွက်ကုန်တွေကိုရန်ကုန်မြို့ကို  ပုံမှန်အဆင်ပြေပြေ တင်ပို့ရောင်းချနေပါတယ်။     ပြီးခဲ့တဲ့တစ်လအတွင်း ငါးသလောက် ပိဿာချိန် ၃၃၅၀၀  အထိ   ပိုပြီးတင်ပို့ ရောင်းချရတယ်။

တင်ပို့ရောင်းချခဲ့တဲ့ ငါးသလောက်ကလည်း  လတ်ဆတ်မှုနဲ့  အရွယ်အစား အလေးချိန်အပေါ် မူတည်ပြီး ဈေးအပြောင်းအလဲ ရှိပါတယ်။   လက်ရှိအချိန်အထိလည်း ငါးသလောက်တွေ  အဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေတင်ပို့တဲ့ ငါးသလောက်တွေကို ဒေသဈေးကွက်က ဒေသတွင်းအပြင် အခြားဒေသတွေကို  ပြန်လည်တင်ပို့ ရောင်းချနေတယ်”ဟု   ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ  ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်ပေါက်က ပြောသည်။    

ဖျာပုံမြို့နယ်မှတင်ပို့ ရောင်းချခဲ့သည့် ငါးသလောက် အသေး တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ ၊ အလတ်တစ်ပိဿာလျှင် ငွေကျပ်  ၁၉၅၀၀  မှ  ၃၅၀၀၀ ၊ အကြီး တစ်ပိဿာလျှင်ငွေကျပ် ၅၅၀၀၀ မှ ၆၇၀၀၀ အထိ  အရွယ်အစားအပေါ် မူတည်ကာ   ဈေးအပြောင်းအလဲ ရှိကြောင်း၊  အဆိုပါ ငါးသလောက်များ   အရောင်းအဝယ် ပုံမှန်တင်ပို့ရောင်းချနေရသည့်  အတွက် ရေလုပ်သားများ၊  တစ်နိုင်တစ်ပိုင် အရောင်းအဝယ် လုပ်ငန်းရှင်များနှင့် ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ကုန်တင်ယာဉ်အငှားလိုက် လုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။