ကင်ဂျုံအွန်၏ခရီးစဉ်က ရင်းနှီးနွေးထွေးမှုရှိဟု ပူတင်ပြော

ကင်ဂျုံအွန်၏ခရီးစဉ်က ရင်းနှီးနွေးထွေးမှုရှိဟု ပူတင်ပြော

မော်စကို၊ ချစ်ကြည်ရေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ရုရှားနိုင်ငံသို့ခရီးစဉ်သည် ရင်းနှီးနွေးထွေးမှုရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။

ကင်ဂျုံအွန်သည် စက်တင်ဘာ ၁၂ ရက်တွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက် တွင် ပူတင်နှင့်တွေ့ဆုံခြင်းဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေးသည် အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်ရသည့် ၁၉၄၅ ခုနှစ်ကတည်းက  စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာ ကြွယ်ဝရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပူတင်က ပြောသည်။

ထို့ပြင် ကင်ဂျုံအွန်သည် မြောက်ကိုရီးယား ခေါင်းဆောင်အဆက်ဆက်၏ လမ်းစဉ်အတိုင်းလိုက်ကာ ရုရှားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို ထူထောင်ထားသူဖြစ်ကြောင်း ပူတင်က ဆက်ပြောသည်။

အလားတူ ယခုခရီးစဉ်သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု၏ မချိုးဖျက်နိုင်သော ဆက်ဆံရေးအခြေအနေသို့ ပြောင်းလဲရန် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်း ကင်ဂျုံအွန်က ပြောသည်။

Ref: Sputnik