ညောင်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်စုများ၌ စမ်းသပ်စိုက်ပျိုးသည့် စပျစ်သီးများ အောင်မြင် ဖြစ်ထွန်းသဖြင့် စိုက်ပျိုးသူများလာ

ညောင်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်စုများ၌ စမ်းသပ်စိုက်ပျိုးသည့် စပျစ်သီးများ အောင်မြင် ဖြစ်ထွန်းသဖြင့် စိုက်ပျိုးသူများလာ

ညောင်ဦး  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာအုပ်စုနှင့် သစ်ထောင့်ကျေးရွာအုပ်စုရှိ ကျေးရွာများ၌ စပျစ်သီးစမ်းသပ်စိုက်ပျိုးရာ အသီးသီး နှုန်းကောင်းမွန်ကာ အောင်မြင်ဖြစ်ထွန်း သဖြင့် စိုက်ပျိုးသူများလာကြောင်း သစ် ထောင့်(တောင်)ကျေးရွာမှ စပျစ်စိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်း၌ စပျစ်သီးမျိုးပေါင်း ၄၀ကျော်စိုက်ပျိုးပြီး ရေရရှိသည့် ဒေသတိုင်းတွင် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးသည့်ဒေသများ၌ ရာသီဥတုဒဏ်ခံနိုင်သည့် အကြမ်းခံစပျစ်မျိုးများကိုသာ ရွေးချယ်စိုက်ပျိုး ကြောင်း ရမည်းသင်းမြို့နယ်မှ စပျစ်စိုက်ပျိုးသူ ဦးမင်းဆက်ပိုင်က ပြောသည်။

စပျစ်စိုက်ပျိုးရာတွင် ပျိုးပင်များကို တစ်ပင်နှင့်တစ်ပင် ၆ ပေအကွာ ကျင်းတူးစိုက်ပျိုးပြီး စတင်စိုက်ပျိုး သည့်လမှ ၁၀ လ အကြာတွင် စတင်အသီးသီးကြောင်း၊ ပထမဆုံးသီးသည့်အချိန်တွင် စပျစ်ပင် တစ်ပင်မှ   စပျစ်သီးငါးပိဿာခန့်ရရှိပြီး သုံးနှစ်သားမှ ငါးနှစ်သားစပျစ်ပင်တစ်ပင်လျှင် စပျစ်သီး ၁၅ ပိဿာမှ ပိဿာ၂၀ အထိ ရရှိကြောင်း သိရသည်။

စပျစ်သီးသည် နှစ်ရှည်သီးနှံပင်ဖြစ်ကာ နှစ် ၂၀ မှ နှစ် ၃၀ အထိ သက်တမ်းကြာရှည်ပြီး အသီးတစ်ခါ သီးပြီးတိုင်း စပျစ်ကိုင်း၊ စပျစ်နွယ်များဖြတ်ပြီး ရောင်းချရကြောင်း၊ လေးလတစ်ကြိမ်အသီးဆွတ်ခူးရကာ အသီးစတင်ရင့်ချိန်တွင် ရေနိုင်နိုင်သွင်းရပြီး အသီးရင့်မှည့်ချိန်တွင် စတင်ဆွတ်ခူးရောင်းချကြောင်း၊ လက်ပံခြေပေါ် အုပ်စုကျေးရွာများနှင့် သစ်ထောင့်ကျေးရွာအုပ်စုများ၌ Black Queen (BQ) စပျစ်မျိုးနှင့် အီတလီနံပါတ်(၃) မျိုးနှစ်မျိုး စတင်စမ်းသပ် စိုက်ပျိုးသည့်နှစ်တွင် အသီးသီးနှုန်း ကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းသဖြင့် စပျစ်စိုက်ပျိုးသူများလာကြောင်း သိရသည်။         

ဒီပါလင်း