နားကြပ်မလိုဘဲ နားထဲအရောက်အသံပို့ပေးမယ့် Sound Beamer

အသံတွေကိုထုတ်ပေးတဲ့ လျှပ်စစ်ပစ္စည်းတစ်ခုခုကနေ ထွက်တဲ့အသံကို နားထောင်ချင်ရင် အရင်က ကြိုးပါ တဲ့နားကြပ်တွေကို အသုံးပြုကြပါတယ်။ နောက်ပိုင်းမှာ ကြိုးမဲ့နားကြပ်တွေကို အသုံးပြုလာပါတယ်။

ဒါပေမဲ့ အခုတော့ အဲဒါထက်ပိုပြီး အဆင့်မြင့်လာပြီလို့ ဆိုရပါတော့မယ်။ ဘာကြောင့်လဲဆိုရင် နားကြပ်ပါ မလိုတော့ဘဲ နားထဲအရောက်အသံပို့ပေးမယ့် စနစ်တစ်ခုထွက်ပေါ်လာလို့ပါ။

ဒီစနစ်ကို အစ္စရေးနိုင်ငံ နိုဗက်တိုကုမ္ပဏီက တီထွင်ထားတာဖြစ်ပြီး လတ်တလောမှာတော့ ရှေ့ပြေးပုံစံ တစ်ခုကို ထုတ်လုပ်ထားပါတယ်။ သူ့ရဲ့နာမည်ကိုတော့ Sound Beamer 1.0 လို့ခေါ်ပါတယ်။ သူ့ရဲ့အလုပ် လုပ်ပုံက စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုရင် Sound Beamer 1.0 ဟာ ပတ်ဝန်းကျင်ကို နှောင့်ယှက်မှုမရှိစေဘဲ အသုံးပြုသူရဲ့ နားထဲအရောက် အသံတွေကို ပို့ပေးနိုင် လို့ဖြစ်ပါတယ်။

ဒီလိုဖြစ်လာဖို့အတွက် သုံးဖက်မြင်အာရုံခံစနစ်ကို အသုံးပြုထားပါတယ်။ ပြီးတဲ့အခါ အသုံးပြုသူရဲ့ တည် နေရာနဲ့နားကို အတွင်းမှာပါတဲ့ ကင်မရာနဲ့ဖမ်းယူထောက်လှမ်းပြီး နှုန်းလွန်အသံလှိုင်းတွေကို ထုတ်ပေးပါ တယ်။ အဲဒီနှုန်းလွန် အသံလှိုင်းတွေဟာ အသုံးပြုသူရဲ့ နားအနီးကိုရောက်ချိန်မှာ ထုတ်လွှတ်လိုက်တဲ့ အသံတွေကို အသုံးပြုသူက ကြားရတာဖြစ်ပါတယ်။ ဘေးကလူတွေကတော့ အဲဒီအသံကိုကြားနိုင်မှာ မဟုတ် ပါဘူး။

ဒါကြောင့် အသုံးပြုသူဟာ ဘယ်နေရာမှာပဲရောက်နေနေ သူ့ရဲ့နားထဲမှာ ပတ်လည်အသံစနစ် ကိုကြားနိုင် မှာဖြစ်ပြီး အသံရင်းမြစ်နေရာမှာ ကိုယ်တိုင်ရောက်နေသလို ခံစားနိုင်စေမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရှေ့ပြေးပုံစံပဲ ထုတ်လုပ်ရသေးတာဖြစ်တဲ့အတွက် ဈေးကွက်ထဲကိုတော့ ရောက်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လာမယ့်နှစ် ဒီဇင်ဘာလမှာတော့ ဈေးကွက်ထဲကိုဖြန့်ချိသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နွေဦး