ကိုဗစ်-၁၉ မှာလည်း အားနည်းချက်နဲ့ပါ
ကိုဗစ်-၁၉ ရောဂါဆိုရင် အင်မတန် ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအဖြစ် သိထားကြသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှာကို လူတိုင်းလိုလိုကြောက်ကြသည်။
ကြောက်မယ်ဆိုလည်း ကြောက်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ရဲ့ သက်ရောက်မှုက အင်မတန် ကြီးမားသည့်အပြင် နောက်ဆက်တွဲ အကျိုးဆက်ကလည်း ပြင်းထန်လှသောကြောင့်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမခံရအောင် သတိထားနေထိုင်ကြပါသော်လည်း ဘယ်ကနေဘယ်လိုဖြစ်မှန်း မသိလိုက်ဘဲ ရောဂါကူးစက်ခံလိုက်ရသည်။
ဒီအတွက်ကြောင့် ကာကွယ်ဆေးကို ထုတ်လုပ်ကြသည်။ တချို့ဆေးက အာနိသင် သိပ်မရှိ။ ရောဂါပိုးက အလွယ်တကူကျော် လွှားသွားနိုင်သည်။ ရောဂါပိုးက ဗီဇပြောင်းလဲလာသည်နှင့်အမျှ ကာကွယ်ဆေးအသစ် စမ်းသပ်မှုတွေကို အခုအချိန်အထိလုပ်နေရဆဲဖြစ်သည်။
ဒီတော့ ကိုဗစ်-၁၉ ရောဂါပိုးက တော်တော်လေး အစွမ်းထက်သည်ဟုဆိုရလျှင်ဆိုနိုင်မည်ဖြစ်သည်။ သို့သော် အရာအားလုံးမှာ အားနည်းချက်ကိုယ်စီတော့ ရှိကြစမြဲ ဖြစ်သည်မဟုတ်ပါလား။
အခုလည်း အစွမ်းထက်ပါတယ်ဆိုတဲ့ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ အားနည်းချက်ကို သိပ္ပံပညာရှင်များက ရှာဖွေဖော်ထုတ်လိုက်နိုင်ပြီ ဖြစ်သည်။
ဗိုင်းရပ်အမျိုးအစားဖြစ်သည့် ကိုဗစ်-၁၉ ရောဂါပိုးက ကလာပ်စည်းတွေကို ပုံတူပွားဖို့အတွက် သူ့မှာပါဝင်တဲ့ N ပရိုတိန်းကို အသုံးပြုရသည်။ N ပရိုတိန်းဆိုသည်မှာလည်း သူ့ရဲ့ပုံမှန် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စေဖို့ လူသားတွေမှာရှိတဲ့ ကလာပ်စည်းများအပေါ် မှီခိုနေရသည်။
မိမိတို့ခန္ဓာကိုယ်၏ ကလာပ်စည်းများအတွင်းရှိ မျိုးရိုးဗီဇဆိုင်ရာညွှန်ကြားချက်များက DNA များမှ သတင်းပေးပို့သူ DNA များအဖြစ်သို့ ကူးပြောင်းလာသည်။ အဲဒီနောက် အခြားသောကလာပ်စည်းများ နှင့်ဆက်သွယ်ခြင်း၊ ကြီးထွားခြင်းတို့ကဲ့သို့ လုပ်ငန်းများဆောင်ရွက်နိုင်စေမယ့် ပရိုတိန်းများအဖြစ်သို့ ပြောင်းလဲလာခြင်းဖြစ်သည်။
အဲဒီဖြစ်စဉ်ပြီးနောက် အင်ဇိုင်းများက ပရိုတိန်းများကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လေ့ရှိသည်။ ဒီလိုမျိုး အဆင့်မြှင့်တင်မှုများလုပ်ဆောင်ပြီးမှသာ ပရိုတိန်းများအနေနဲ့ သူတို့အတွက်သတ်မှတ်ထားတဲ့ သီးခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင် ရန်သင့်တော်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးက ဒီလိုဖြစ်စဉ် အကူးအပြောင်းအပေါ် အခွင့်ကောင်းယူသည်။ အခွင့်ကောင်းယူ ပုံယူနည်းကတော့ ပရိုတိန်းများကိုအဆင့်မြှင့်တင်ခြင်းလုပ်ငန်းက ရောဂါပိုးမှာပါသည့် N ပရိုတိန်းကို နေရာ မှန်မှာသွားနေဖို့ ညွှန်ကြားခြင်းဖြစ်သည်။ ဒီအချိန်မှာ မိမိတို့၏ခန္ဓာကိုယ်က ရောဂါပိုး ကူးစက်ခြင်းကို ခံထားရပြီဖြစ်သည်။
N ပရိုတိန်းအနေနဲ့ နေရာမှန်ကိုရောက် သွားချိန်မှာ အဲဒီပရိုတိန်းက ပုံတူပွားထားတဲ့ သူ့ရဲ့မျိုးရိုးဗီဇများကို အသစ်ဝင်လာတဲ့ ဗိုင်းရပ်အမှုန်များထဲကို ထည့်လိုက်သည်။ ဒီလိုနည်းနဲ့ မိမိတို့ကနေမကောင်းဖြစ်ရခြင်း ဖြစ်သည်။
တကယ်လို့သာ N ပရိုတိန်းအနေနဲ့ နေရာအမှန်ကိုမရောက်နိုင်ပါက ဗိုင်းရပ် သည်လည်း မိမိတို့ကို ကူးစက်နိုင်စွမ်းရှိစေတော့မည်မဟုတ်ပေ။
ဒါကြောင့် ဝင်ရောက်လာတဲ့ဗိုင်းရပ်ရဲ့ ပရိုတိန်းကို မိမိတို့ရဲ့ကလာပ်စည်းတွေနဲ့ ပေါင်းစည်းစေခြင်းကို တားမြစ်ကန့်သတ်လိုက်မယ်ဆိုရင် မိမိတို့ရဲ့ကိုယ်ခံအားစနစ် ကလည်း ဝင်လာတဲ့ ဗိုင်းရပ်ကို ချေမှုန်းနိုင် မည်မှာ အမှန်ပင်ဖြစ်သည်။
လက်ရှိအချိန်မှာ အသုံးပြုနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအတွက် ကုသနည်းက ဗိုင်းရပ်ရဲ့ မျိုးပွားခြင်းကို တားမြစ်သည့်နည်းလမ်းဖြစ်သည်။ သို့သော် ထိုနည်းလမ်းသည် ရောဂါပိုးကူးစက်ခံရပြီး သုံးရက်အတွင်းမှသာ အာနိသင်ရှိမည်ဖြစ်သည်။ သုံးရက်ကျော်သွားလျှင်တော့ အာနိသင်မရှိတော့ပေ။
အခုတွေ့ရှိထားတဲ့ နည်းလမ်းကို အသုံးပြုပြီး ကုသမှုဆေးဝါးကို ထုတ်လုပ်လိုက်နိုင် မည်ဆိုလျှင် ရောဂါပိုးကူးစက်မှု၏ ဘယ်လိုအဆင့်မျိုးမှာမဆို ကုသမှုကိုထိရောက်မှုရှိ စေမည်ဖြစ်သည်။
ဒီလိုသုတေသနကို လေ့လာဖော်ထုတ် နိုင်ခဲ့သူတွေကတော့ UCR Institute for Integrative Genome Biology မှ တရုတ်လူမျိုးပညာရှင်များပင် ဖြစ်ပါသည်။
Ref: SCTD