လျှပ်စစ်ကားကို ၆ မိနစ်တည်းနဲ့အားအပြည့်သွင်းကြမယ်

လျှပ်စစ်ကားကို ၆ မိနစ်တည်းနဲ့အားအပြည့်သွင်းကြမယ်

လျှပ်စစ်ကားများ ပေါများလာသည်နှင့်အမျှ အားသွင်းသည့်နေရာများ  လိုအပ်ချက်က အဓိကကျလာသည်။   ထို့အတူ အားအဝင်မြန်စေသည့် နည်းပညာကလည်း ရှေ့ဆုံးကနေပါဝင်လာသည်။

လျှပ်စစ်ကားတစ်စီးကို  ကိုယ့်အိမ်မှာပဲ ပုံမှန်အားသွင်းမယ်ဆိုရင် အချိန်အားဖြင့် ၁၀ နာရီအထိကြာနိုင်သည်။ အားသွင်း သည့်နေရာများရှိ အမြန်အားသွင်းစနစ်များ အသုံးပြုပါက နာရီဝက်အတွင်း အားပြည့်နိုင်စေသည်။

သို့တိုင်အောင် ထိုပမာဏသည် အလွန်များသည့်အချိန်ဖြစ်သည်ဟု ဆိုကြလာပြန်သည်။ ဒီအတွက်ကြောင့် အခုလက်ရှိထက်ပိုမြန်တဲ့ အားသွင်းနည်းစနစ်ကို   ရှာဖွေဖော်ထုတ်လာကြရသည်။

အားသွင်းသည့်နေရာများနည်းပါးနေခြင်းကလည်း လျှပ်စစ်ကားများကို အားအမြန်သွင်းနိုင်စေရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ဥပမာကိုယ်က အရေးတကြီးသွားဖို့ လိုအပ်နေတဲ့အချိန်၊ ကားကလည်း အားပြည့်ဖို့လိုအပ်နေချိန်၊ အားသွင်းနိုင်တဲ့နေရာကလည်း   ကန့်သတ်ချက်ရှိနေချိန်၊ ကိုယ့်အရှေ့မှာလည်း ကားတွေကိုအားသွင်းဖို့အတွက် စောင့်ဆိုင်းနေရချိန်မျိုးဆိုလျှင် ဘာလုပ်နိုင်မည်နည်း။ မည်သို့မျှမတတ်နိုင်ပါ။

သူများနည်းတူစောင့်ရုံသာရှိတော့သည်။

လောင်စာဆီသုံးကားတွေဆိုလျှင်တော့ရှင်းသည်။ ဆီဆိုင်မှာ ဆီဝင်ထည့်လိုက်ရုံသာဖြစ်သည်။   အချိန်အားဖြင့်လည်း သိပ်မကြာ။ သို့သော် ယခုတော့ ကိုယ့်အတွက် အချိန်များစွာကို လျှပ်စစ်ကားအားသွင်းမှုအတွက် ပေးနေရမည်ဆိုလျှင် လျှပ်စစ်ကားကို လူကြိုက်နည်းလာနိုင်သည်။

ဒီအခါ လောင်စာဆီသုံးကားတွေကို အသုံးပြုနေသမျှကာလပတ်လုံး မိမိတို့ကမ္ဘာကြီးသည်လည်း အခုထက်ပိုပြီး ပူလာမည်သာဖြစ်သည်။ ဒီတော့ လျှပ်စစ်ကားများကို အားအမြန်ဆုံးသွင်းနိုင်ဖို့အတွက်က အရေးအကြီးဆုံး  အချက်တစ်ချက်ဖြစ်လာခြင်းဖြစ်သည်။

လက်ရှိလျှပ်စစ်ကားများမှာအသုံးပြုနေတဲ့ဘက်ထရီက   လီသီယမ်-အိုင်းယွန်းအမျိုးအစားဖြစ်သည်။ အထူးသဖြင့် လီသီယမ်-အိုင်းယွန်းများကို    အချိန်ကြာကြာထိန်းသိမ်းထားနိုင်စွမ်းက အန်းနုတ်လို့ခေါ်တဲ့    အဖိုခေါင်းအတွက် အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းအပေါ် များစွာမူတည်နေသည်။ ဒါကြောင့် ပိုဟန်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ပါမောက္ခဝန်ဘေးကင်းနှင့် အဖွဲ့က အန်းနုတ်အတွက်အကောင်းဆုံး ဖြစ်မယ့်ကုန်ကြမ်းပစ္စည်းအပေါ် သုတေသနပြုလေ့လာမှုများ ပြုလုပ်ခဲ့သည်။

ဒီလိုသုတေသနပြုလေ့လာရာမှာ ဝန်ဘေးကင်းနှင့်အဖွဲ့က မဂ္ဂနိဖားရိုက်နန်နိုပြားများကို တုပဖန်တီး နိုင်ခဲ့ပါတယ်။    သူတို့ရဲ့နည်းပညာက လျှပ်စစ်ဓာတ်အားသိုလှောင်နိုင်စွမ်းကို သတ်မှတ်သဘောတရားထက် တစ်ဆခွဲပိုများစေတယ်ဆိုတာ တွေ့လိုက်ရသည်။  ဒါ့အပြင် လျှပ်စစ်ကားတစ်စီးကို ၆ မိနစ်အတွင်း အားအပြည့်သွင်းနိုင်စေမည်ဖြစ်သည်။

အခုလိုမျိုး သုတေသနကိုဖော်ထုတ်နိုင်မှုက    သမားရိုးကျအန်းနုတ်များအတွက် ကုန်ကြမ်းပစ္စည်းများရဲ့   လျှပ်စစ်ဓာတု ကန့်သတ်ချက်များကို ကျော်လွှားလိုက်နိုင်ခြင်းလည်းဖြစ်သည်။

ဒါ့အပြင်  ဒီလိုဖော်ထုတ်တွေ့ရှိမှုက နောင်တစ်ချိန်မှာ    ဘက်ထရီတစ်လုံးရဲ့ လျှပ်စစ်ဓာတ်အား သိုလှောင်နိုင်မှု ပမာဏကို တိုးမြင့်စေပြီး လျှပ်စစ်ကားများအတွက် အားသွင်းချိန်ကိုလည်း တိုတောင်းစေလိမ့်မည်ဟု ပါမောက္ခဝန်ဘေးကင်းက ပြောထားသည်။

လက်ရှိအချိန်မှာ လျှပ်စစ်ကားများကို အသုံးပြုနိုင်မှုပမာဏက အလွန်အရေးကြီးသည့်အနေအထားကို    ရောက်ရှိလာပြီ ဖြစ်သည်။ ဒီလိုမျိုးလိုအပ်နေချိန်မှာ လျှပ်စစ်ကားများကို  အားပြည့်အောင်အမြန်ဆုံး သွင်းပေးနိုင်မယ့်နည်းပညာထွက်ပေါ်လာခြင်းဟာ လျှပ်စစ်ကားလောကအတွက် အလွန်အရေးကြီးသော အပြောင်းအလဲဖြစ်လာပြီ ဖြစ်ပါသည်။         

Ref: SCTD