ရုပ်ကြွင်းလောင်စာကိုထောက်ခံသူထက် နေရောင်ခြည်စွမ်းအင်ကိုထောက်ခံသူက ငါးဆပိုများ

ရုပ်ကြွင်းလောင်စာကိုထောက်ခံသူထက် နေရောင်ခြည်စွမ်းအင်ကိုထောက်ခံသူက ငါးဆပိုများ

သုတေသနကုမ္ပဏီတစ်ခုဖြစ်သော Glocalities က မကြာသေးမီက လုပ်ဆောင်သော သုတေသနတစ်ခုတွင် ကမ္ဘာတစ်ဝန်းရှိလူဦးရေ ၆၈ ရာခိုင်နှုန်းက နေရောင်ခြည်စွမ်းအင်ကို ထောက်ခံကြောင်းတွေ့ရှိထားသည်။

အဆိုပါ တွေ့ရှိချက်အရ နေရောင်ခြည်စွမ်းအင်ကို ထောက်ခံသူ အရေအတွက်သည် ရုပ်ကြွင်း လောင်စာများကို ထောက်ခံသူ အရေအတွက်ထက် ငါးဆပိုများနေသည်။

ယခုသုတေသနတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူပေါင်း ၂၁၀၀၀ ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အနက် ၁၄ ရာခိုင်နှုန်းကသာ ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကို လက်ခံသည်။

သုတေသနတွင် ပါဝင်ဖြေဆိုသူများအနက်   သုံးပုံနှစ်ပုံက  နေရောင်ခြည် စွမ်းအင်ကိုထောက်ခံကာ ၎င်း၏နောက်တွင် လေစွမ်းအင်ကို ထောက်ခံသူ ၅၄ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်ကို ထောက်ခံသူ ၃၅ ရာခိုင်နှုန်းနှင့် နျူကလီးယားစွမ်းအင်ကို ထောက်ခံသူ ၂၄ ရာခိုင်နှုန်းရှိသည်ဟု သုတေသန တွင်ဖော်ပြထားသည်။

ယနေ့အချိန်အခါတွင် ကမ္ဘာတစ်ဝန်းလုံးနီးပါး၌ နေရောင်ခြည်စွမ်းအင်ကို သုံးစွဲမှုပမာဏသည် အလွန်လျင်မြန်စွာမြင့်တက်လာနေပြီဖြစ်သည်။

အထူးသဖြင့်   ဆိုလာပြားများထုတ်လုပ်မှုနှင့် အခြားဆက်စပ်နည်းပညာများ၏ ကုန်ကျစရိတ်များ ကျဆင်းလာခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ရုပ်ကြွင်းလောင်စာများနှင့် နှိုင်းယှဉ်ပါက နေရောင်ခြည်စွမ်းအင်ကို ပိုမိုလူကြိုက်များကာ အသုံးပြုလာကြခြင်း ဖြစ်သည်။

ထို့ပြင်  နိုင်ငံအများအပြားကလည်း နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုအတွက် အခြေခံအဆောက်အအုံများ ဖြစ်သော ခေါင်မိုးပေါ်ဆင်ထားသည့် ဆိုလာပြားများမှသည် အကြီးစား နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအထိ လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများတွင်  ပိုမိုရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လာနေသည်။

ရုပ်ကြွင်းလောင်စာသုံးစွမ်းအင် ကဏ္ဍမှ ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ် သုံးစွမ်းအင်ကဏ္ဍသို့ ပြောင်းလဲလာသည့်နိုင်ငံများတွင် တရုတ်၊ အိန္ဒိယနှင့် မေရိကန်တို့က ရှေ့ဆုံးက ဦးဆောင်နေသည်။

အဓိကအားဖြင့် နေရောင်ခြည်စွမ်းအင်အသုံးပြုမှုအတွက် အစိုးရကမက်လုံးပေး ဆွဲဆောင်မှုများ လုပ်ဆောင်လာခြင်းကြောင့် ထိုစွမ်းအင်ကိုလူကြိုက်များလာခြင်းလည်းဖြစ်သည်။

မဟာဓာတ်အားလိုင်းမရောက်နိုင်သည့်နေရာများ၊   ဝေးလံခေါင်ဖျားဒေသများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ နေရောင်ခြည်စွမ်းအင်ကိုသုံးစွဲခြင်းကြောင့် ကြီးစွာသော အကျိုးကျေးဇူးများကို  ရရှိနေပြီဖြစ်သည်။

Ref:IE