AI စက်ရုပ်များက အနုပညာရှင်များ၏ပန်းချီလက်ရာများကို တစ်ထပ်တည်းတူအောင်ရေးဆွဲနိုင်

AI စက်ရုပ်များက အနုပညာရှင်များ၏ပန်းချီလက်ရာများကို တစ်ထပ်တည်းတူအောင်ရေးဆွဲနိုင်

AI နည်းပညာသုံးစက်ရုပ်များက လူသားအနုပညာရှင်များရေးဆွဲထားသော ပန်းချီလက်ရာများကို တစ်ထပ်တည်းတူအောင် ရေးဆွဲလာနိုင်ပြီဖြစ်သည်။

ထိုသို့ရေးဆွဲနိုင်စေရန် အစီအစဉ်များ ထည့်သွင်းရေးဆွဲစေခိုင်းခြင်း ခံရသောစက်ရုပ်များကို အနုပညာ စက်ရုပ်များဟု ခေါ်ပြီး စုတ်တံများ၊ ခဲတံများ၊ ဆေးများကိုကိုင်ပြီး ဆော့ဝဲနှင့်ပေါင်းစပ်ကာ ပန်းချီများ ရေးဆွဲနိုင်ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စွမ်းဆောင်ရည်များဖြင့် အနုပညာစက်ရုပ်များကို တီထွင်ဖန်တီးသူက ကနေဒါနိုင်ငံမှ တက်သစ်စကုမ္ပဏီတစ်ခုဖြစ်သည်။

၎င်းတို့၏ စက်ရုပ်များအနေဖြင့် ပန်းချီတွင်ရေးဆွဲထားသောကောက်ကြောင်းများကိုသိရှိနိုင်ကာ စက်ရုပ်များတွင် ထည့်သွင်းထားသော အသိဉာဏ်များဖြင့် ပေါင်းစပ်အသုံးပြုပြီးနောက် ပန်းချီလက်ရာများကို တစ်ထပ်တည်းတူအောင် ရေးဆွဲခြင်း ဖြစ်သည်။

မိမိအနေနဲ့ ကုမ္ပဏီကိုစတင်လည်ပတ်တုန်းက တိကျပြည့်စုံမှု ၉၉ ဒသမ ၉ ရာခိုင်နှုန်းမရှိဘူးဆိုရင်  အနုပညာရှင်တွေက ကြိုက်မှာမဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် အရည်အသွေးပိုင်းအရသာမက အရေအတွက်ပိုင်းအရပါ သုတေသနပြုလေ့လာမှုတွေပြုလုပ်ပြီးချိန်မှာ အနုပညာရှင်တွေက  အပြစ်အနာအဆာ နည်းနည်းလောက်ကိုတော့ ခွင့်လွှတ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်ဟု Acrylic Robotics ကုမ္ပဏီတည်ထောင်သူ ကလိုဝီရိုင်ယန်က ပြောသည်။

စက်ရုပ်များအနေဖြင့် ပန်းချီလက်ရာများကို တစ်ထပ်တည်းတူညီအောင်ရေးဆွဲနိုင်သည် ဆိုသော်လည်း   မူလပန်းချီကားပါ စုတ်ချက်ရာများ အတိုင်းတော့မတူညီပေ။

သို့သော်အရည်အသွေးပိုင်းအားဖြင့် အာမခံချက်ပေးနိုင်ကြောင်း  ကလိုဝီရိုင်ယန်က ဆက်ပြောသည်။

စက်ရုပ်နည်းပညာနှင့် AI နည်းပညာပြောင်းလဲ တိုးတက်လာသည်နှင့်အမျှ အနုပညာစက်ရုပ်များမှာ နည်းပညာနှင့်ဖန်တီးမှုတို့၏ ပေါင်းစပ်မှုကို ထင်ဟပ်လာစေသည်။

အနုပညာစက်ရုပ်များ ရင်ဆိုင်ရသောမေးခွန်းများတွင် အနုပညာ၏အဓိပ္ပာယ်၊ အနုပညာရှင်၏ လုပ်ဆောင်ချက်၊  စက်အားကိုးဖန်တီးမှုအတွက် အလားအလာများ ပါဝင်နေသည်။

Ref:IE