(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးဖိုရမ်ကျင်းပ

 (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးဖိုရမ်ကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၁၈

 

(၁၅)ကြိမ်မြောက်   တရုတ်-အာဆီယံငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးဖိုရမ်ကို  ယနေ့ နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ခေါင်းဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ပြီး     အာဆီယံဗဟိုဘဏ် အကြီးအကဲများက မိန့်ခွန်းပြောကြားကြသည်။  

အစီအစဉ်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားရာတွင်   တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ခိုင်မာသည့်   မိတ်ဖက်အဖွဲ့အစည်းများ အဖြစ်ရပ်တည်နိုင်ခဲ့ပြီး ယခုဖိုရမ်အတွင်း ဒေသတွင်းစီးပွားရေးနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏   အာရှပိုးလမ်းမကြီးဖော်ဆောင်မှု(Belt and Road Initiative)အရ ငွေရေးကြေးရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အချက်များကို အတည်ပြုဖော် ဆောင်နိုင်မည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့်   ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ငွေရေး ကြေးရေးတည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာပေါင်းစည်းမှုများအား ပိုမိုနက်ရှိုင်းစွာမြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့ကြသည်ကို အလေးအနက်ထားပြောကြားလိုကြောင်း။  

ယနေ့အချိန်အခါတွင်   တစ်ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြောင့်ဖြစ် ပေါ်လာသည့် စိန်ခေါ်မှု အခက်အခဲများဖြစ်သည့် ငွေရေးကြေးရေး အခြေအနေဆိုင်ရာ မတည်ငြိမ်မှုများ၊   ဈေးကွက်မတည်မငြိမ် ဖြစ်မှုများကြောင့် ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်    မိမိတို့၏ ငွေကြေးစနစ်များ    တည်ငြိမ်စေရေးနှင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားရမှုအား လျှော့ချနိုင်ရေး ကြိုးပမ်း အားထုတ်နေကြပြီး ဒေသတွင်းဆန်းသစ် တီထွင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် လိုအပ်ကြောင်း၊ တရုတ်ယွမ်၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပေးချေမှုများအတွက် ကုန်သွယ်မှုဆိုင်ရာ ပေးချေမှုငွေကြေးအဖြစ် တတိယနေရာသို့ ရောက်ရှိလာခဲ့ကြောင်း၊   အာရှပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road  Initiative) နည်းဗျူဟာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏   ချိတ်ဆက်ဆောင် ရွက်မှုဆိုင်ရာ မဟာစီမံကိန်း   (Master Plan) များကြောင့် ငွေရေးကြေးရေးဆိုင် ရာချိတ်ဆက်နိုင်မှုများ   ပိုမိုအားကောင်းခိုင်မာလာကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အာရှပိုးလမ်းမကြီးဖော်ဆောင်မှု(Belt and Road  Initiative) မှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ်   အထောက်အပံ့များရရှိနိုင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာစီမံကိန်းများအတွက် အခြေခံအဆောက်အဦ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာချိတ်ဆက်မှုများနှင့်စပ်လျဉ်း၍ အခွင့်အလမ်းကောင်းများအား အရှိန်မြှင့်တင်     ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်  ကုန်သွယ်မှုနှင့်ပတ်သက်၍ ယွမ်-ကျပ်အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး   မိမိတို့နှစ်နိုင်ငံ၏ ပထဝီဝင်အနေအထားအရ  နယ်စပ်ဖြတ်ကျော် ပေးချေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက်   အလားအလာကောင်းများ လမ်းဖွင့်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား  မိတ်ဖက်ဆက်ဆံရေး၌ ငွေရေးကြေးရေးဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်မှုများသည် အရေးပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့်  ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ ချဲ့ထွင်ခြင်းနှင့်   နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေရေးကြေးရေးတွင် အားလုံးပါဝင်လာနိုင်မှု စသည်တို့အပေါ် အထောက်အကူဖြစ်စေ ကြောင်း၊ မိမိတို့အနေဖြင့် ငွေရေးကြေးရေးတည်ငြိမ်ရေး မြှင့်တင်ဆောင်ရွက်နိုင်ရန် အလို့ငှာ နယ်စပ်ဖြတ်ကျော် ငွေလွှဲပြောင်းပေးချေမှုများ၌ ငွေရေးကြေးရေးဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုအားကောင်း ခိုင်မာစွာ ဆောင်ရွက်နိုင်စေရန် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဖိုရမ်သို့ ကွမ်ရှီးပြည်နယ်အစိုးရအကြီးအကဲ မစ္စတာလျူနင်း (Mr. Liu Ning) ခေါင်းဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ  ဒုတိယအကြီးအကဲ၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ   ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ICBC၊ BOC၊ ABC၊  CCB၊  CDB၊ ADB၊ EXIM Bank of China ဘဏ်များမှ အကြီးအကဲများ၊ China Insurance Corporation  မှ အကြီးအကဲများ၊ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ရှန်ဇင်း Stock Exchange မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။