အသည်းမကောင်းသူများ ဖန်တီးထားတဲ့အသည်းလေးနဲ့ အစားထိုးနိုင်တော့မယ်

အသည်းမကောင်းသူများ ဖန်တီးထားတဲ့အသည်းလေးနဲ့ အစားထိုးနိုင်တော့မယ်

အသည်းရောဂါဆိုသည်မှာ လူတွေကိုဒုက္ခအပေးဆုံး ရောဂါတစ်မျိုးဖြစ်သည်။ စင်စစ်တွင်မူ လူတွေက အသည်းကို ဒုက္ခရောက်စေလို့သာ အသည်းရောဂါဆိုတာ ဖြစ်လာရခြင်းဖြစ်သည်။

ဆေးဝါးတွေကို နှစ်ပေါင်းများစွာကြာ သောက်သုံးနေရသူတွေ၊ အရက်ကိုအလွန်အကျွံ သောက်သုံးသူ တွေကြောင့် အသည်းလေးတွေဟာ ပျက်စီးရသည်။  ဒါ့အပြင် အသည်းရောင် ရောဂါလိုမျိုး ရောဂါပိုးတွေ ကူးစက်မှုကြောင့်လည်း အသည်းလေးတွေ ပျက်စီးရပြန်သည်။

အသည်းပျက်စီးသွားတဲ့အခါ သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ မလုပ်ဆောင်နိုင်တော့တဲ့ အတွက် လူတွေဟာ မကြာခင်သေရတော့မယ့်လူတစ်ယောက်လိုဖြစ်သွားရသည်။

ဒီအခါမှာ ရောဂါကုသဖို့အတွက် လုံးပန်းကြတော့သည်။ တချို့က အချိန်မနှောင်းခင် ကုသနိုင်တဲ့ အတွက်အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ပြန်ကောင်းလာတာရှိသည်။ အများစုကတော့ အချိန်နှောင်း မှ ကုသမှုခံယူကြတဲ့အတွက် သူတို့ကို အသက်ရှင်စေဖို့ဆိုရင် အသည်းကို အစားထိုးဖို့သာ ရှိတော့သည်။

အသည်းကို အစားထိုးသည်ဆိုသည်မှာလည်း ပြောသလောက်မလွယ်ကူပေ။

အရင်ဆုံးအလှူရှင်ရှိရမည်။ အသည်းအစားထိုးဖို့အတွက် ကြီးမားတဲ့ကုန်ကျစရိတ်ကိုတတ်နိုင်ရမည်။ လူနာ၏ ခန္ဓာကိုယ်ကလည်းသူများရဲ့အသည်းကို လက်ခံနိုင်စွမ်းရှိရဦးမည် ဖြစ်သည်။

တစ်နည်းပြောရရင် အားနည်းချက်တွေများစွာရှိသည်။ ဒီအခါမှာ လူတွေကတစ်နည်းတစ်ဖုံ ကြံဆလာ ကြသည်။

ထိုအရာမှာ အသည်းကို အတုလုပ်ဖို့သာဖြစ်သည်။ အသည်းကို အတုလုပ်မယ်ဆိုတဲ့ အယူအဆ ဖြစ်ပေါ်နေသည်မှာ ဒီကနေ့အထိဆိုရင်နှစ်ပေါင်း ၅၀ ကျော်ကြာနေပါပြီ။

အသည်းက လူ့ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးလဲဆိုရင် လူ့ခန္ဓာကနေထွက်ရှိတဲ့ အဆိပ်တွေ ကို ခန္ဓာကိုယ်အပြင်သို့ စွန့်ထုတ်ပေးခြင်း လုပ်ငန်းကို လုပ်ဆောင်တဲ့အတွက် အရေးကြီးရခြင်း ဖြစ်သည်။

အသည်းအတုရဲ့စနစ်က အဲဒီအဆိပ်တွေကို ဖယ်ရှားဖို့အတွက် စစ်ထုတ်ခြင်း၊ ဒါမှမဟုတ် စုပ်ထုတ်ခြင်း လိုမျိုးနည်းလမ်း တွေလည်း အသုံးပြုခြင်းဖြစ်သည်။

သို့သော် ဒီစနစ်တွင် အားနည်းချက်များနဲ့ ဘေးထွက်ဆိုးကျိုးများစွာ ရှိနေသည့်အပြင် လူနာကို  သွေးရည် ကြည်ပေးခြင်းကဲ့သို့ လိုအပ်ချက်များလည်း ရှိနေပြန်သည်။

နောက်တစ်မျိုးဖြစ်တဲ့ ဇီဝအသည်းအတုက အသည်းအစစ်ကဲ့သို့ လုပ်ငန်းတာဝန်များကို ထမ်းဆောင် လာနိုင်သည်။ ဒါပေမဲ့ သူလည်း သွေးရည်ကြည်ကိုလိုအပ်နေဆဲဖြစ်သည်။

ဇီဝအသည်းအတုကို ၁၉၉၆ ခုနှစ်ဝန်းကျင်လောက်ကတည်းက ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း စီးပွားဖြစ် ဖန်တီးနိုင်ခြင်း မျိုးတော့မရှိခဲ့ပေ။

ဒါပေမဲ့ တရုတ်နိုင်ငံရှိ တောင်ပိုင်းဆေးတက္ကသိုလ် ဇူကျန်းဆေးရုံရှိ နေရာရွှေ့ပြောင်းမှုဆိုင်ရာ ဆေးဝါး ဌာနမှ ပါမောက္ခ ဂေါင်ယီကတော့ သူ့ရဲ့သုတေသနအသစ်တစ်ခုကို ၁၉၉၆ ခုနှစ်မှာ စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

အဲဒီသုတေသနကနေ ထွက်ပေါ်လာတာက ပင်မကလာပ်စည်း အခြေခံဇီဝအသည်းတုပင်ဖြစ်သည်။ အခု ဆိုရင် အဲဒီအသည်းတုကို လူသားတွေနဲ့လက်တွေ့စမ်းသပ်ဖို့ တရုတ်တာဝန်ရှိသူများက ခွင့်ပြုလိုက်ပါပြီ။

အခုစမ်းသပ်ဖို့ ခွင့်ပြုလိုက်တဲ့ဇီဝအသည်းတုက တခြားအသည်း တုများနဲ့မတူပါဘူး။ ဘယ်လိုမတူ တာလဲဆိုတာကိုတော့ ဆက်လက်ဖော်ပြပါမည်။

ဇီဝအသည်းတုက ခန္ဓာကိုယ်ပြင်ပမှာ ရှိနေမည်ဖြစ်သည်။ သူက အသည်းရဲ့ပင်မလုပ်ဆောင်ချက်ဖြစ်တဲ့ ကိုယ်တွင်းမှ အဆိပ်အတောက်များ ဖယ်ရှားခြင်းလုပ်ငန်းအပြင် အစာခြေခြင်းနဲ့ ကြီးထွားခြင်းတို့ အတွက် လိုအပ်တဲ့ အင်ဇိုင်းများကို ဖန်တီးမှုကဲ့သို့ အရေးကြီးလုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်သည်။

ဇီဝဓာတ်ပေါင်းဖိုလို့လည်းခေါ်တဲ့ အဲဒီစနစ်မှာ အခေါင်းပေါက်ဖိုက်ဘာ အလွှာပါးတစ်ခုပါဝင်သည်။ အဲဒီအလွှာပါးက ပင်မကလာပ်စည်းများကို ကြီးထွားစေပြီး လူနာရဲ့သွေးကြောထဲကို ပြန်လည် ထည့်သွင်းခြင်း လုပ်ငန်းကိုဆောင်ရွက်သည်။

ခန္ဓာကိုယ်ထဲရောက်သွားတဲ့ အဲဒီပင်မကလာပ်စည်းများက အသည်းတစ်သျှူးများ ပြန်လည် ကောင်းမွန်စွာ ဖြစ်ပေါ်အောင်ကူညီပေးပြီး ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ အသည်းထိခိုက်မှုကိုလည်း   ပြန်လည် ကောင်းမွန်စေသည်။

ပါမောက္ခဂေါင်ယီရဲ့   သုတေသနအဖွဲ့အနေနဲ့ သူတို့ရဲ့နည်းလမ်းကို ကြွက်များ၊ ဝက်များ၊ မျောက်များနဲ့ စမ်းသပ်ခဲ့ပြီး ဖြစ်သည်။ ဒီလိုစမ်းသပ်မှုတွေမှာ ဇီဝအသည်းတုက အစားထိုးခံရသူများရဲ့ အသက်ရှင်သန် နိုင်စွမ်းကို ၈၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြင့်စေသည်ကိုတွေ့ရသည်။ သမားရိုးကျ နည်းလမ်းများ ကတော့ အသက်ရှင်သန်နိုင်စွမ်း ၁၇ ရာခိုင်နှုန်းသာရှိသည်။

ဒါပေမဲ့ လူသားတွေမှာ အစားထိုးပြီး အောင်မြင်မှုကိုရရှိဖို့ဆိုသည်မှာ အလွန်ကြီးမားသော   စိန်ခေါ်မှု တစ်ရပ်အဖြစ် တည်ရှိနေသည်။

တကယ်လို့များ ဂေါင်ယီတို့အဖွဲ့ရဲ့ လူသားများနဲ့လက်တွေ့စမ်းသပ်မှုက အမှန်တကယ်အလုပ်ဖြစ်ပြီး အောင်မြင်သွားပြီဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသည်းအစားထိုးဖို့လိုအပ်နေသူ တစ်နည်းအားဖြင့် အသည်းမကောင်းသူ သန်းပေါင်းများစွာဟာ ဖန်တီးထားတဲ့အသည်းလေးနဲ့ အောင်မြင်စွာ အစားထိုး နိုင်တော့မှာ အမှန်ပင်ဖြစ်ပါသည်။

Ref: IE