မြန်မာနိုင်ငံတွင် ပြည်ပမွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်မှု အခွင့်အလမ်းများ ဖော်ဆောင်ပေး ရေး ညှိနှိုင်းဆွေးနွေး

မြန်မာနိုင်ငံတွင် ပြည်ပမွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်မှု အခွင့်အလမ်းများ ဖော်ဆောင်ပေး ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁၉   

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည့် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင်ပါဝင်သည့် နိုင်ငံများ အတွက် သွင်းကုန်နှင့် ပို့ကုန်အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ   အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှု ညီလာခံတက်ရောက်ပြီး စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသည်။

နန်နင်းမြို့၌ ရောက်ရှိစဉ် Royal Group နို့နှင့်နို့ထွက်ပစ္စည်းကုမ္ပဏီ၏ နို့နှင့် နို့ထွက်ပစ္စည်း သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု၊ ဈေးကွက် တင်ပို့မှုလုပ်ငန်း များအား    သွားရောက် လေ့လာခဲ့သည်။ 

အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး နို့ထွက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်နေ သည့် Royal Group Co.,Ltd. သည် နို့စားကျွဲ မွေးမြူသည့်အဆင့်မှ ဈေးကွက်တင်ပို့သည့် အဆင့်ထိ လုပ်ငန်းစဉ်များပါဝင်သော နို့နှင့် နို့ထွက်ပစ္စည်း စက်ရုံ ရှစ်ရုံကို ဂွမ်ရှီးပြည်နယ်၊ ယူနန်ပြည် နယ်၊ ဟူနန်ပြည်နယ်၊ ဂူဇိုဟူးပြည်နယ်၊ စီချွမ်ပြည်နယ်တို့တွင် တည်ဆောက်ထားရှိပြီး နှစ်စဉ်နို့ တန်ချိန်ပေါင်း ၈၅၀၀၀၀ တန်အသုံးပြု၍  နို့ထွက်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ စက်ရုံအစည်းအဝေးခန်းမ၌ နန်နင်းမြို့၏ ကီလို ၅၀၀ ပတ်လည်အတွင်းတွင် နို့စားကျွဲ ၂၀၀၀၀ ကျော် မျိုးပွားမွေးမြူထားရှိမှု အခြေအနေ၊ သုံးနှစ်အတွင်း နို့စားကျွဲမျိုးသန္ဓေသားမျိုးချောင်း ၁ သိန်း ကျော်ကို ပါကစ္စတန်နိုင်ငံမှ တင်သွင်း၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်မည့် အခြေအနေတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ရန် ရေမြေရာသီဥတု အခြေအနေကောင်းများရှိနေသည့် မိမိတို့မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် လိုအပ်သည့် မြေယာ အသုံးပြုခွင့်ရရှိရေးကို တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ကြောင်း၊ နို့စားနွား မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပြီး တရုတ်နိုင်ငံမှလာရောက် ရင်းနှီးမြှုပ်နှံ ပါက နှစ်ဦးနှစ်ဖက် အကျိုးရှိသော လုပ်ငန်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်စိုက်ပျိုးရေးသုတေသန အကယ်ဒမီ (Guangxi Academy of Agricultural Sciences) သို့ရောက်ရှိရာ သုတေသန ခန်းမဆောင်၌ သုတေသန အကယ်ဒမီဌာနခွဲ ၁၈ ခုမှ သီးနှံအမျိုးမျိုးကို သုတေသနပြုလုပ်နေမှုအခြေအနေနှင့် သုတေသန ရလဒ်များ၊ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နည်းပညာ တက္ကသိုလ် (မန္တလေး)နှင့် ကွမ်ရှီးကျွမ့် စိုက်ပျိုးရေးသုတေသန အကယ်ဒမီတို့အကြား ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ငါးနှစ်သက်တမ်းရှိသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ နည်းပညာနှင့် သုတေသနများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်နိုင်ရေး လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့်  ကွမ်ရှီးကျွမ့်စိုက်ပျိုးရေး သုတေသနအကယ်ဒမီတို့၏  နားလည်မှုစာချွန်လွှာ သက်တမ်း တိုးမြှင့်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည့်အခြေအနေ၊ အနာဂတ်တွင် နက်ရှိုင်းသည့်   ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်နိုင်မည့် အလားအလာများကို ဆွေးနွေးပြောကြားခဲ့သည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကူမင်းမြို့အနီး၌ Shaighai Pengxin Group ၏ ၁၃၇ ဧကရှိ  နို့စားနွားမွေးမြူရေးခြံတွင်  နို့စားနွား ကောင်ရေ ၁၀၀၀၀ မွေးမြူထားရှိမှု၊ အစာကျွေးစနစ်များနှင့် နို့ညှစ်လုပ်ငန်းဆောင်ရွက် နေမှုများကိုလေ့လာကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)နှင့် ကျွဲနွားတင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ ကျွဲနွားနှင့် အသားကုန်သွယ်မှု လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ပါက မိမိတို့နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံသူများ နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်မှု၊ လုပ်ငန်းမြန်မြန် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ လက်ရှိမွေးမြူ ထားသော ဒေသကျွဲနွားများ ကို ပြုန်းတီးမှုမှကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် တင်ပို့မည့်အရေအတွက် ပမာဏအလိုက် မွေးမြူရေးခြံများ တည်ထောင်ဆောင်ရွက်ပြီး ကျွဲနွားအရှင်နှင့် အေးခဲအသားများ စဉ်ဆက်မပြတ် ထုတ်လုပ်တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စု ဝန်ကြီးသည် နန်နင်းမြို့၌ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံသို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီများကိုတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ နည်းလမ်းများနှင့် နှစ်ဖက်အကျိုးရှိစေမည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                  

(သတင်းစဉ်)