မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် ဝမ်ဟုန်ဒေသ ဟိုပန်/ဟိုရွက်ရှိ ဒေသခံ “ဝ” တိုင်းရင်းသား ပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့တွေ့ဆုံ

မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် ဝမ်ဟုန်ဒေသ ဟိုပန်/ဟိုရွက်ရှိ ဒေသခံ “ဝ” တိုင်းရင်းသား ပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့တွေ့ဆုံ

ဝမ်ဟုန်  စက်တင်ဘာ  ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ဇော်အေး၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ်    ဝမ်ဟုန်ဒေသရှိ  “ဝ” ပြည်သူ့ဆေးရုံ၌  ဆေးကုသမှုခံယူနေသော “ဝ”တိုင်းရင်းသား ပြည်သူများကို အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာပစ္စည်းများနှင့် ဆေးရုံအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ ဆေးရုံတာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ဝမ်ဟုန်မြို့နယ် အစည်း အဝေးခန်းမ၌ ဒေသခံ “ဝ” တိုင်းရင်းသားများနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှ ဒေသဖွံ့ဖြိုး တိုးတက် မည်ဖြစ်၍ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဒေသအတွက် လိုအပ်ချက်များကို တင်ပြပေးကြရန်နှင့် လူငယ်လူရွယ်များကို ဗလငါးတန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးကြရန်ပြောကြားသည်။

ယင်းနောက် “ဝ”ဒေသခံတိုင်းရင်းသား ပြည်သူတစ်ဦးက ဒေသလိုအပ်ချက်များကို တင်ပြရာ    ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိဂုံးချုပ် စကားပြောကြားပြီး ဝမ်ဟုန်ဒေသခံ “ဝ”တိုင်းရင်းသားပြည်သူများက ဒေသထွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဒေသခံ “ဝ” တိုင်းရင်းသား များအား စားသောက်ဖွယ်ရာပစ္စည်းများ ပြန်လည်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံရိုက်ကြ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟိုပန်/ဟိုရွက်ရှိ အစည်းအဝေးခန်းမ၌ ဒေသခံ “ဝ”တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က အမှာစကားပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ဒေသလိုအပ်ချက် များနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံ “ဝ”တိုင်းရင်းသား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများက ဟိုပန်/ဟိုရွက်ဒေသခံ “ဝ”ပြည်သူများအား စားသောက် ဖွယ်ရာ ပစ္စည်းများ ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

(သတင်းစဉ်)