သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေ တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေ တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

စစ်တွေ  စက်တင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်း တွင် သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ  လှည့်လည်ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်နှင့်အဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က  သံတွဲမြို့နယ်သည်  စိုက်ပျိုးရေး၊ မွေးမြူရေး အားကောင်းသည့် မြို့နယ်ဖြစ်သည့်အပြင် ကမ္ဘာတွင်ထင်ရှား ကျော်ကြားသော ငပလီကမ်းခြေရှိ ခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများရှိသည့်အတွက် စီးပွားရေးအလားအလာ ကောင်းသော မြို့နယ်တစ်မြို့နယ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းမှသည် နည်းစနစ်မှန်စွာဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ကြစေ လိုကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အလားအလာ ကောင်းများစွာရှိသည့်  ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့် များကို နည်းစနစ်တကျဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့်  ရခိုင်ပြည်နယ်၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်နှင့်အဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရှိ TMP အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးကြရာ လုပ်ငန်းရှင် ဦးတင်မောင်ဌေးက ကဏန်း ပျော့များ၊ ငါး၊ ပုစွန်များ၊ ရေရူး၊ ကဏန်းများ မွေးမြူထုတ်လုပ်နေမှု၊ ကဏန်းပျော့များအား အအေးခန်း စက်ရုံတွင် ကုန်ချောများပြုလုပ်ကာ  ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့်  အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များ အပေါ် လိုအပ်သည် များကိုမှာကြားပြီး အအေးခန်းစက်ရုံအတွင်း ကဏန်းပျော့များ၊ ငါး၊ ပုစွန်များအား ကုန်ချောများ ပြုလုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန်ထုပ်ပိုးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။  ဆက်လက်၍ ဂေါ့ရပ်ကွက်ရှိ မြပတ္တမြားဥယျာဉ်(ပေါင်ဝန်တံတား)သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။                    

(သတင်းစဉ်)