မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၉

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွင့်လှစ်ထားသော မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ်တွင် သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍတို့တွင် လူသားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံရှိ India Institute of Information Technology - Bangalore(IIIT-B) နှင့် တက္ကသိုလ်အချင်းချင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွက်  အရေးပါသော ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာကဏ္ဍ၊ ဇီဝနည်းပညာကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံတက္ကသိုလ်များအကြား Joint Degree Programme များ ဆောင်ရွက်ရေးကိစ္စရပ်များ၊   သုတေသနဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် လူငယ်သိပ္ပံပညာရှင်များလာရောက်ခြင်းနှင့် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ ပညာတော်သင်ရရှိရေး Joint Working Group ဖွဲ့စည်း၍  စဉ်ဆက်မပြတ် ဆောင်ရွက်ရေးတို့ကို   ရင်းနှီးပွင့်လင်းစွာညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။