နိုင်ငံတော်ပိုင် မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ

နိုင်ငံတော်ပိုင် မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ

နေပြည်တော်  စက်တင်ဘာ  ၁၉

နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တင်လေယာဉ် ခရီးစဉ်များကိုသာ  ပျံသန်းပြေးဆွဲလျက်ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးကိုပါ  တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်း ကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်များ ကိုပါပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမဦးဆုံးလေကြောင်း ကုန်စည်ပို့ဆောင်ရေး (Cargo Flight) ခရီးစဉ်အဖြစ်  Boeing 737-400 အမျိုးအစားကုန်တင်လေယာဉ်ဖြင့်  ယနေ့  စက်တင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စတင်ပျံသန်း ပြေးဆွဲ ခဲ့သည်။

အဆိုပါ Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် မြန်မာနိုင်ငံ သို့ ယခုလ ၁၅ ရက်တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကုန်တန်ချိန်အားဖြင့် ၁၈ တန်အထိ သယ်ဆောင်နိုင်ကြောင်းသိရှိရသည်။ မြန်မာ အမျိုးသားလေကြောင်းအနေဖြင့် ကုန်တင်လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ စင်ကာပူ၊ မလေးရှား နှင့် အိန္ဒိယနိုင်ငံများသို့လည်း ထပ်မံတိုးချဲ့ ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကို တိုးချဲ့ပျံသန်းပြေးဆွဲခြင်းဖြင့် နိုင်ငံ၏ပို့ကုန်/သွင်းကုန် တိုးမြှင့် တင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံ့ စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးရာလည်း ရောက်မည်ဖြစ်သည်။ ယနေ့ ပထမဦးဆုံးပျံသန်းသည့် ကုန်တင်လေယာဉ် ခရီးစဉ်တွင် ကုန်စည် စုစုပေါင်း တန်ချိန် ၁၅ ဒသမ ၉ တန် သယ်ယူ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန