တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (NLA) ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (NLA) ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁၉

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ်လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်   လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ အီလက် ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းတို့နှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့မှတရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့ ဘိုင်ရန်(Bai Yun) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ ကွမ်ကျိုးလူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး

ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Zhao Hui က လေဆိပ်ဧည့်ခန်းမ၌ကြိုဆိုနှုတ်ဆက်၍ ဒေသတွင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်/ပြည်ထွက်စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ကွမ်ကျိုးမြို့ ဘိုင်ရန်(Bai Yun) အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှတစ်ဆင့် ည ၇ နာရီတွင် ဘေဂျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ  တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေဂျင်း မြို့ရှိ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန အမျိုးသားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (NLA) သို့သွားရောက်၍ NLA ၏ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံသည်။  

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အပြည့်အဝထောက်ခံ ရပ်တည်မှု အခြေအနေ၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ NLA ဌာနမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများ၊

ပြည်ဝင်/ပြည်ထွက်နှင့်  နယ်စပ်ဒေသကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးအတွက်   ပူးပေါင်းဆောင်ရွက်မှု ၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်များနှင့် နယ်နိမိတ်တစ်လျှောက် ဝင်/ထွက်မှု စနစ်တကျဖြစ်စေရေး ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည့် အခြေအနေနှင့် ၂၀၂၄ ခုနှစ်အတွင်း   ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ e-ID  စနစ်လုပ်ငန်း  အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံအပါအဝင်  မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ၌ နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက်သွားလာမှုနှင့် တရားမဝင် ဝင်/ထွက်မှု မရှိစေရေးအတွက် တားဆီးကာကွယ်ဆောင်ရွက်မှု၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ နီးကပ်စွာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းပြောကြားကာ  နှစ်ဦးနှစ်ဖက် ဆွေးနွေးချက်များအပေါ် အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် NIA ၏ ဒုတိယဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ဒုတိယဝန်ကြီး Mr. Xu Ganlu က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေဂျင်းမြို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ  သုတေသနဌာန(၁)သို့ သွားရောက်လေ့လာကြရာ ဌာနတာဝန်ခံက သုတေသနဌာန(၁)၏ လုံခြုံရေးဆိုင်ရာ နည်းပညာအသုံးပြု ဆောင်ရွက်သည့် လုပ်ငန်းတစ်ခုချင်းအလိုက် ဆောင်ရွက်မှုနှင့် ပတ်သက်၍ နမူနာ ခင်းကျင်းပြသထားမှုများကို လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အစည်းအဝေးခန်းမ၌ လုပ်ငန်းတာဝန်ခံ မြ.့က ျွကင နှင့်တာဝန်ရှိသူများက ဌာန၏လုပ်ငန်းများ ဆောင်ရွက်မှု၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ လုံခြုံရေးဆိုင်ရာ ပစ္စည်းများ သုတေသနပြု ထုတ်လုပ်ပေးမှု၊ တရုတ်နိုင်ငံသားများအတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားကို နည်းပညာဆိုင်ရာ e-ID ကတ်များ အဖြစ်ထုတ်ပေးမှု၊ ရဲတပ်ဖွဲ့တွင် အသုံးပြုနိုင်သည့် ဝတ်စုံများထုတ်ပေးမှု၊ လုပ်ငန်းကဏ္ဍအသီးသီး၌ လုံခြုံရေးဆိုင်ရာစစ်ဆေး ဆောင်ရွက်နိုင်သည့်   ဝတ်စုံများထုတ်ပေးမှုကို ရှင်းလင်းပြောကြားရာ    ပြည်ထောင်စု ဝန်ကြီးက  သိရှိလိုသည်များ၊ မရှင်းလင်းသည့် အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြီး  လုပ်ငန်းတာဝန်ခံများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။