မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၉

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဖြစ်သူ  H. E. Mr. Vinay Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု  ပိုမိုခိုင်မာစေရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဝန်ကြီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် အကြီးစားစက်ရုံများဖြစ်သည့်  သံမဏိစက်ရုံများ၊ ချည်မျှင်နှင့်အထည်အလိပ် စက်ရုံများနှင့် ဆေးဝါးစက်ရုံများတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့် စီမံခန့်ခွဲမှု သင်တန်းများအား  ပံ့ပိုးကူညီပေးနိုင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အိန္ဒိယနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများနှင့် သင်တန်းကျောင်းများသို့ ပညာတော်သင်များ စေလွှတ်ပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုသင်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများအတွက် နည်းပညာဆိုင်ရာ  နည်းပြသင်တန်းများ ပံ့ပိုးပေးနိုင်ရေးနှင့် အမျိုးသားသံမဏိမူဝါဒရေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့    စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။