အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ စတုတ္ထနေ့တွင် မြန်မာနိုင်ငံမှ ပြခန်း  ၈၀ ဆက်လက်ပါဝင်ပြသ

အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ စတုတ္ထနေ့တွင် မြန်မာနိုင်ငံမှ ပြခန်း  ၈၀ ဆက်လက်ပါဝင်ပြသ

နေပြည်တော်  စက်တင်ဘာ  ၁၉

 

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ အကြိမ် (၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲစတုတ္ထနေ့နှင့် နောက်ဆုံးနေ့ကို ယနေ့ ဆက်လက်ကျင်းပရာ မြန်မာကုန်စည်ပြခန်း ဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ဆက်လက်ပါဝင်ပြသလျက်ရှိသည်။

မြန်မာကုန်စည်ပြခန်းများ၌ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ထောပတ်သီးစသည့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် မြန်မာ့ ကျောက်မျက်လက်ဝတ် ရတနာပစ္စည်းများကို ခင်းကျင်းပြသရောင်းချလျက်ရှိသည်။

အဆိုပါကုန်စည်ပြပွဲ၏  စတုတ္ထနေ့တွင် လည်း ယခင်နေ့များကဲ့သို့ မြန်မာကုန်စည် ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုသူများ၊ ကြိုက်နှစ်သက်၍ ဝယ်ယူအားပေး ကြသူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာကုန်စည်ပြခန်းဆောင်ရှိ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ စီးပွားရေး တွေ့ဆုံပွဲများ ကျင်းပသည့်နေရာ (Business Matching Area)တွင် မြန်မာနိုင်ငံနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်လိုသည့် တရုတ် လုပ်ငန်းရှင်များက လာရောက်တွေ့ဆုံ၍ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို မေးမြန်းဆွေးနွေးကြရာ မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။

ထို့ပြင် အဆိုပါကုန်စည်ပြပွဲ၏  နှစ်လို ဖွယ်ရာမြို့ ပြခန်းဆောင်၌ မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ (City of Charm)အဖြစ် မန္တလေးမြို့၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ပါဝင်ပြသထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ စိတ်ပါဝင်စား၍ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။