ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ အစည်းအဝေးကျင်းပ

ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၀

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူး၍ ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊    ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆရာတော်ရှင်မဟာရဋ္ဌသာရ၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်များအနေဖြင့် မြန်မာစာကို ချစ်ခင်မြတ်နိုးတန်ဖိုး ထားတတ်လာစေရန်၊ မြန်မာစာပေသမိုင်းကြောင်းတွင်  အင်းဝခေတ်စာပေ ပညာရှင်များကို ဖော်ထုတ်ဂုဏ်ပြုရာ၌ ဂုဏ်ကျေးဇူးကြီးမားလှသော ဆရာတော်ရှင်မဟာရဋ္ဌသာရ၏ ဂုဏ်ကျေးဇူးကို သိရှိနိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ဆရာတော် ရှင်မဟာရဋ္ဌသာရပြုစုရေးသားခဲ့သည့် ရတု၊ ပျို့၊  မော်ကွန်း၊  လင်္ကာ၊ မေတ္တာစာနှင့် တောလားများမှာ နှစ်ပေါင်း ၅၅၅ နှစ်ကျော် ကြာမြင့်ခဲ့သော်လည်း  ယနေ့ခေတ်တိုင်အောင် များစွာအကျိုးပြုနေသည့် စာပေဖြစ်ရုံသာမက နှောင်းပညာရှင်များ အတုယူလေ့လာနေရဆဲ ဖြစ်သည်အထိ ဆန်းသစ်နေဆဲ နုပျိုနေဆဲပင်ဖြစ်ကြောင်း။  

ရှင်မဟာရဋ္ဌသာရ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယခုလာမည့်စက်တင်ဘာ ၂၃ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန MICC(II)၌ ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျင်းပရာတွင် ဖျော်ဖြေရေးအစီအစဉ်၊ စာတမ်းဖတ်ပွဲအစီအစဉ်နှင့်  အထိမ်းအမှတ်ပြခန်း ခင်းကျင်းပြသမှု အစီအစဉ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အခမ်းအနားကြီးအောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် တက်ရောက်လာကြသည့် သူများအားလုံးက     ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ်ကြောင်းပြောကြားသည်။

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အခမ်းအနား ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသော ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။