မိုးစပါးစံပြကွက် ဧက ၁၅၀ အတွင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြ

မိုးစပါးစံပြကွက် ဧက ၁၅၀ အတွင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြ

ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက် ဧက၁၅၀အတွင်း သဘာ၀ မြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျရော စပ်ကြဲပက်ခြင်း၊ ကြားပေါင်းလိုက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်တောင်သူများအား မြေသြဇာပံ့ပိုးပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၉ ရက်က လှိုင်းဘွဲမြို့ နယ်  ထီလုံကျေးရွာ ကွင်းအမှတ်-၁၄၂၄ (ခ) ထီလုံအလယ်ကွင်း တောင်သူ ၂၅ ဦး ၏  လယ်ယာမြေ၌ ကျင်းပကြောင်း  သိရသည်။

ရှေးဦးစွာ   ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်က    မိမိတို့စိုက်ပျိုးထားသော စိုက်ခင်းများတွင်   အပင်ဖြစ်ထွန်းကြီးထွားရန်၊  အထွက်နှုန်းကောင်းမွန်ရန်၊   အစေ့အဆန်များ ပြည့်တင်းရန်  အာဟာရဓာတ် များ     လိုအပ်နေသည့် ကာလဖြစ်သဖြင့် သဘာဝမြေသြဇာနှင့်     ဓာတ်မြေသြဇာ အချိုးကျ ရောစပ်ကြဲပက်ခြင်းဖြင့်  အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးကောင်း မွန်သောထုတ်ကုန်များ ထုတ်လုပ် လာနိုင်မည် ဖြစ်သကဲ့သို့  မြေဆီလွှာပျက်စီးဆုံးရှုံးမှုကိုလည်း တစ်ပြိုင်တည်းကာကွယ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်  ဝန်ကြီးများက ထီလုံ၊ သပုထို၊ ကျုံကော်၊ သမ္ဗာန်ကျေးရွာ တို့မှ မိုးစပါးစိုက်တောင်သူများအား ၂၅ ကီလိုဂရမ် သဘာဝမြေသြဇာ ၂၅ အိတ်နှင့် ၅၀ ကီလိုဂရမ် ယူရီးယားဓာတ်မြေသြဇာ ၂၅ အိတ်ပံ့ပိုးပေးအပ်ရာ တောင်သူများက လက်ခံရယူပြီး   တောင်သူကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။

ယင်းနောက်  ကရင်ပြည်နယ်  ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် မိုးစပါးစံပြကွက် ဧက  ၁၅၀  အတွင်း  တောင်သူများ  စုပေါင်းမြေသြဇာကြဲပက်ခြင်းနှင့်    ကြားပေါင်းလိုက်ခြင်း ကွင်းသရုပ်ပြပွဲကို   ကြည့်ရှုကြ ကြောင်း သိရသည်။ 

 စောမျိုးမင်းသိန်း(ပြန်/ဆက်)